တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ ၊ ရှမ်းမြောက်ဖြစ်စဉ် တရုတ်ဆန့်ကျင်ဟုဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် စစ်ခေါင်းဆောင်တွေ့ဆုံ ၊ ရှမ်းမြောက်ဖြစ်စဉ် တရုတ်ဆန့်ကျင်ဟုဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း စစ်ကောင်စီ၏ မြဝတီရုပ်သံက ထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မစ္စတာဝမ်ယိက မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး တရုတ်နိုင်ငံ အနေ ဖြင့် အလေးထားပူးပေါင်းဆောင်ရွက်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဆန့်ကျင်ကြောင်း ပြောကြားခဲ့ သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို အခိုင်အမာထောက်ခံပြီး စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ် ချမှတ်ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ ကျင်းပရန် ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံခဲ့ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီခေါင်းဆောင် ဦးဆောင်သည့်အဖွဲ့နှင့် မစ္စတာဝမ်ယိဦးဆောင်သည့်အဖွဲ့တို့သည် နှစ်နိုင်ငံ သီးသန့်အစည်းအဝေး ဆက်လက်ပြုလုပ်ခဲ့ကြပြီး ယင်းအစည်းအဝေးကို စစ်ကောင်စီဝန်ကြီးအချို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင်က မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံ၊ ယုံကြည်စိတ်ချရသည့်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးကို အလေးထားကြောင်းအပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေကြောင်း ပြောဆိုခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်သွားရန်လည်း စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

မစ္စတာဝမ်ယိကလည်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုအပေါ် လိုအပ်သည့်နည်း ပညာ ကူညီမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း လိုအပ်သည်များ ကူညီပေးသွားမည်ဖြစ်ကာ တရုတ်အနေဖြင့် မြန်မာနိုင်ငံရွေးကောက်ပွဲ သက်ဆိုင်သူအားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်ရန်လည်း တိုက်တွန်းခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် လန်ချန်း – မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန်ရှိပြီး အဆိုပါ အစည်းအဝေးမတိုင် ခင် မြန်မာနိုင်ငံကို လာရောက်ခြင်းဖြစ်သည်။

မစ္စတာဝမ်ယိသည် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်အတွင်းကလည်း တရုတ်နိုင်ငံတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ် ချမှတ်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက် သည့် သမ္မတဟောင်း ဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့သေးသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ခရီးစဥ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့က စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းလည်း လိုက်ပါလာကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း မြန်မာ နိုင်ငံသို့ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက် ရောက်ရန် လာရောက်ဖူးပြီး ထိုစဉ်က စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှု မရှိခဲ့ပေ။

Most read this week

September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...
September 16, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် မိုးရွာသွန်းမှုများပြီး အင်းလေးကန်အတွင်း...