စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြောကြားချက်အပေါ် KNU မည်သို့ တုံ့ပြန်သနည်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြောကြားချက်အပေါ် KNU မည်သို့ တုံ့ပြန်သနည်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတော်လုံခြုံရေးဆိုင်ရာအခြေအနေဟုဆိုကာ ၎င်းတို့ အာဏာ သိမ်းရခြင်းအကြောင်းအရင်းမှအစပြုကာ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူအပါအဝင် တိုင်းရင်း သားလက်နက်ကိုင်တော်လှန်အဖွဲ့(EAO)များနှင့်ပတ်သက်၍ ယမန်နေ့ ဩဂုတ်လ(၅)ရက်ညက နိုင်ငံပိုင် မီဒီယာမှတဆင့် ပြောကြားခဲ့သည်။

အာဏာသိမ်းမှုအပေါ် ဆူပူလှုပ်ရှားမှုများဖြစ်ပွားအပြီး KNU-ကရင်အမျိုးသားအစည်းအရုံး အပါအဝင် EAO များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအား စစ်သင်တန်းနှင့် လက်နက်တပ်ဆင် ပေးမှု ကြောင့် အကြမ်းဖက်မှုများပေါ်ပေါက်လာသလိုနိုင်ငံတော်ငြိမ်းချမ်း ရေးပျက်ပြားရသည်ဟု စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း၏ပြောကြားချက်နှင့်ပတ်သက်၍ KNU တာဝန်ရှိသူများအား ကေအိုင်စီ-ကရင်သတင်းဌာနက မေးမြန်းရာတွင် စစ်တပ်က အာဏာတရားမဝင်သိမ်းယူခဲ့မှုကြောင့်သာ ငြိမ်းချမ်းရေး မတည်ငြိမ် သည့်ဖြစ်ရပ်များ ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ကေအဲန်ယူ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ယခုလိုတုံ့ပြန်သည်။

“ဒါတွေဖြစ်လာတာ မင်းအောင်လှိုင်ကြောင့်ပါ။ အကြမ်းဖက်အာဏာသိမ်းတာကိုမလုပ်သင့်ဘူး။ မင်းအောင်လှိုင်အနေနဲ့အာဏာရဖို့အတွက် လုပ်ဆောင်ရမှာတွေအများကြီးရှိတယ်။ ဒီထဲမှာ တစ်နိုင်ငံ လုံးအတိုင်းအတာအနေနဲ့ တရားဝင်ရွေးကောက်ပွဲလုပ်ရေးက တစ်ခုအပါအဝင်ပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီးတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ကလည်း အချိန်အများကြီး ယူရဦးမှာဖြစ်တယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။

စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းမှအစပြုခဲ့သော ညီနောင်မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်အောက်ခံ တပ်စခန်းအများအပြား လက်လွှတ်ခဲ့ရသည့်အပြင် ဩဂုတ်လ ၃ရက်နေ့က လားရှိုးအခြေစိုက် အစဉ်အလာကြီးမားသည့် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကိုဆုံးရှုံးလိုက်ရခြင်းမှာ စစ်တပ်သမိုင်းတစ်လျှောက် ကြီးမားသော ရှုံးနိမ့်မှုတစ်ခုအဖြစ် သမိုင်းတွင်စေခဲ့သည်။

ထို့ကြောင့် ရှမ်းမြောက်ဒေသ သာမက တစ်နိုင်ငံလုံး စစ်ကောင်စီကိုတော်လှန်နေရာတွင် ရွေးကောက် ပွဲကျင်းပ၍ တရားမဝင်မှ တရားဝင်သို့ အသွင်ပြောင်းလိုသော စစ်ကောင်စီအနေဖြင့် အချိန်မရှိသလို ရှေ့ဆက်လက်ပြီး ၎င်းတို့တပ်စခန်းများအား ဆုံးရှုံးရဦးမည်ဖြစ်ကြောင်း ပဒိုစောကလယ်စေးက ဆက်၍ဖြည့်စွက်ပြောသည်။

၎င်းက “တစ်နိုင်ငံလုံးက သူ့ကိုတွန်းလှန်နေတာမြင်တွေ့နေရပြီး တပ်စခန်းတွေကို တစ်ခုပြီး တစ်ခုလက်လွှတ်လိုက်ရတဲ့ အခြေအနေ။ နောက်လည်း လက်လွှတ်ရဦးမှာဖြစ်တယ်။ ဒါကြောင့် သူတို့မှာ ဒီရွေးကောက်ပွဲအတွက် အချိန်မရှိဘူး။ တော်လှန်ရေးအင်အားစုတွေကိုချေမှုန်းဖို့ကိုလည်း သူမျှော်လင့်လို့မရဘူး။ ချေမှုန်းလို့မရအောင်လည်း ကျနော်တို့အနေနဲ့ ကြိုးပမ်းရမှာပါ” ဟု ကေအဲန်ယူ ပြောခွင့်ရက ဆိုသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှ အကျိုးအမြတ်များစွာရရှိနေသော စစ်ကောင်စီက တစ်ဆ ထက်တစ်ဆ ခြေဆန့်လှုပ်ရှားရေး ဆုံးရှုံးလာသော တောင်ပိုင်းဒေသ၊ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြို့များကို KNU အုပ်ချုပ်ခွင့်မရရေး ပြီးခဲ့သည့် ဧပြီလပိုင်းက အင်အားအများအပြားနှင့် အောင်ဇေယျ အမည်ရှိ နိုင်ငံတော်အဆင့်စစ်ဆင်ရေးဖော်ဆောင်ခဲ့သော်လည်း အရှုံးဖြင့်သာ ရင်ဆိုင်နေရသည်။

စစ်ခေါင်းဆောင်၏ ပြောကြားချက်တွင် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အချို့သည် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) တွင် ပါဝင် လက်မှတ်ရေး ထိုးထားကြသော်လည်း PDF ထောက်ပံ့မှုအပါအဝင် ကရင်ပြည်နယ်အတွင်း စစ်ရေးဖော် ဆောင်မှုတို့ ကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်ပြီး နိုင်ငံပြည်သူအကျိုးစီးပွားကို ထိခိုက်ခြင်းဖြစ်သည်ဟု ပါရှိသည်။

ကေအဲန်ယူအနေဖြင့် အာဏာသိမ်းကာစတွင် အတင်းအကြပ်အာဏာသိမ်းယူမှုကြောင့် NCA ပျက် ပြယ်ပြီးဖြစ်ကြောင်း အတိအလင်းဆိုထားသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိအချိန်ထိ NCA ကို တွင်တွင်သုံးနေခြင်းက ၎င်းတို့အကျိုးစီးပွားအရ EAO များနှင့် ‘ကိုယ်ပေါင်းစိတ်ခွာ’ နေလိုသည့် သဘောဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိသည်။

ယင်းအပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ကြီးစောဂျော်နီကလည်း “NCA ကတော့ မင်းအောင်လှိုင်လည်း ဖျက်လိုက်သလို တိုင်းရင်းသားတွေလည်း ဖျက်လိုက်ပြီဆိုတာ တစ်တိုင်းပြည်လုံးသိတယ်။ မင်းအောင်လှိုင်ကို သူများတွေက အာဏာရူးလို့ ခေါ်တယ်။ ဒါကလည်း တစ်နိုင်ငံလုံး သိကြတာပဲ၊ သူ့ဘာသာသူပြောချင်ရာပြော ကိုယ့်အလုပ် ကိုယ်ဆက်လုပ်သွားမယ်လို့ပဲ ပြောချင်တယ်။” ဟု တုံ့ပြန်ပြောဆိုသည်။

၎င်းအပြင် ကေအဲန်ယူ၏ ကရင်ပြည်ရရှိရေးလမ်းစဥ်အရ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရ မည်ဖြစ်သော်လည်း တရားမဝင် စစ်ကောင်စီနှင့်ဆွေးနွေးဆက်ဆံနေခြင်းက အာဏာသိမ်းမှု အားပေးရာရောက်သဖြင့် တွေ့ဆုံဆွေးနွေး၍ မရကြောင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းက အွန်လိုင်း အစီအစဥ်တစ်ခုတွင် ဗိုလ်ချုပ်ကြီးစောဂျော်နီက ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

စစ်ခေါင်းဆောင်၏ ယမန်နေ့ ပြောကြားချက်ထဲတွင် KNU ကြောင့် ငြိမ်းချမ်းရေးထိခိုက်သည့်အသွင် တန်ပြန်စွပ်စွဲချက်များသာမက လက်ရှိ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရန် တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းတပ်ဖွဲ့(TNLA)၊ အာရက္ခတပ်တော်(AA)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ဆက်စပ်၍လည်း ပြောဆိုသွားသည်။

ညီနောင်မဟာမိတ်တပ်များသည် စစ်ကောင်စီ၏ ၂၀၂၂ ခုနှစ်က ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုပယ်ချကာ ပြည်ပအကူအညီဖြင့် အဆင်မြင့်လက်နက်အသုံးပြု၍ ၎င်းတို့လူမျိုးများနေထိုင်ရာမဟုတ်သည့် ဒေသခံလူထုအား ရည်ရွယ်တိုက်ခိုက်ခဲ့သည်ဟူသော လူမျိုးရေးအဓိကရုဏ်း ဖြစ်နိုင်ဖွယ်စကားလုံးများဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ် အစရှိသည့်နယ်မြေများတွင်လည်း သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ပွဲဖော်ဆောင်မှုကြောင့် ဒေသနေပြည်သူများ၏ ငြိမ်းချမ်းရေးနှင့်လူမှုစီးပွား ထိခိုက်ရခြင်းဖြစ်‌ကြောင်း စစ်ခေါင်းဆောင်က အပြစ်တင်ပြောဆိုထားသည်။

နိုင်ငံတော် ‌‌အရေးပေါ်ကာလ (၆)ကြိမ်မြောက်အဖြစ် နောက်ထပ်သက်တမ်း(၆)လတိုးခဲ့သော စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယာယီသမ္မတဦးမြင့်ဆွေ၏ကျန်းမာရေးအကြောင်းပြု၍ နိုင်ငံတော်သမ္မတနေရာသို့ ပြီးခဲ့သည့် ဇူလိုင်လ(၂၂)ရက်နေ့မှစ၍ လွှဲပြောင်းတာဝန်ယူခဲ့သည်။

Most read this week

September 23, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ရှိ ရေဘေးသင့်...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...