ကချင်မှာ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် ပြည်ပမှာ ကျောင်းတက်နေသူတွေငွေကြေးခက်ခဲလာ

ကချင်မှာ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် ပြည်ပမှာ ကျောင်းတက်နေသူတွေငွေကြေးခက်ခဲလာ

ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်းနဲ့အင်တာနက်၊ဝိုင်ဖိုင် စတဲ့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတဲ့အတွက် အိမ်ကထောက်ပံ့ငွေနဲ့ ပြည်ပမှာကျောင်းတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေ ငွေကြေးဆိုင်ရာအခက်ခဲရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

ဇူလိုင်လ၂၁ ရက်နေ့စ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်းနဲ့အင်တာနက်၊ဝိုင်ဖိုင်လိုင်း စတင်ပြတ်တောက်နေတာ ခုဆိုရင်နှစ်ပတ်ကျော်လာချိန် တစ်ဖက်မှာ အိမ်ကထောက်ပံ့ငွေနဲ့ပြည်ပမှာကျောင်းတက်နေတဲ့ ကျောင်းသား၊သူတွေ အိမ်နဲ့အဆက်အသွယ်ပြတ်ပြီး ငွေကြေးဆိုင်ရာအခက်အခဲကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားကနေ ချင်းမိုင်မှာကျောင်းတက်နေတဲ့ ကျောင်းသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

“လိုင်းပြတ်တာက အချိန်အကြာကြီးဖြစ်နေအုံးမယ်ဆိုရင်တော့ ကျောင်းစရိတ်ထည့်ရမဲ့အချိန်မှာ မထည့်နိုင်ရင်တော့ ကျောင်းကနေထွက်လိုက်မယ့်အခြေအနေတွေရှိနေပါတယ်”လို့ ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ကချင်ပြည်နယ်မှာ Mobile Banking နဲ့ငွေလွှဲ၊ငွေထုတ်တဲ့ စနစ်တွေအားလုံးရပ်တန့်သွားတာကြောင့်  အိမ်နဲ့အဆက်သွယ်ပြတ်တောက်သွားတဲ့ကျောင်းသား၊သူတွေ အိမ်စရိတ်၊ ကျောင်းစရိတ်၊စားနပ်ရိက္ခာစရိတ်တွေ အဓိကခက်ခဲနေကြတာလို့ သိရပါတယ်။  

အလားတူ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ စီးပွားရေးမေဂျာမှာတက်နေတဲ့ ကချင်ပြည်နယ်က ကျောင်းသားတစ်ဦးလည်း အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် အိမ်ငှားခနဲ့အစားအသောက်စရိတ်တွေပေးဖို့ အခက်တွေ့နေတယ်လို့ KNG ကို ခုလိုပြောပါတယ်။

“ ကျွန်တော်က ငွေလွဲတဲ့ချိန် Kpay နဲ့လွှဲတာဆိုတော့ အင်တာနက်လိုင်းမရတဲ့အချိန်ဒုက္ခရောက်နေတာပေါ့ ခုလည်းဒီလကုန်ရင်ဘယ်လိုလုပ်ရမှန်းမသိတော့ဘူး ကျောင်းစရိတ်က ပထမနှစ်ဝက်အတွက်သွင်းထားပြီဖြစ်ပေမယ့် အိမ်လခနဲ့စားစရိတ်က ဒီတစ်လအတွက်ဘဲရှိတော့တယ်”လို့ ဆိုပါတယ်။

ခုလို  အိမ်နဲအဆက်သွယ်ပြတ်ပြီး ငွေကြေးခက်ခဲနေကြတဲ့ ကချင်ပြည်နယ်က ကျောင်းသား၊သူတွေဟာ ကျောင်းဆက်တက်နိုင်ဖို့ အချိန်ပိုင်းအလုပ် လုပ်နေတဲ့သူတွေရှိသလို ပညာသင်ဆုရအောင် ကြိုးစားပြင်ဆင်နေသူတွေလည်းရှိနေပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်တစ်ခုလုံး စစ်ရေးအရှိန်မြင့်တက်နေဆဲဖြစ်တဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် အိမ်ကငွေကြေးထောက်ပံ့မှုတွေလည်း ရပ်တန့်သွားမှာကို စိုးရိမ်နေကြပြီး ကျောင်းသား၊သူတစ်ချို့  ကျောင်းထွက် အလုပ်လုပ်ဖို့ထိ ပြင်ဆင်နေတဲ့သူတွေလည်း ရှိနေပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကစ ဖုန်း၊အင်တနက်လိုင်းပြတ်တောက်နေတဲ့ကချင်ပြည်နယ်မှာ ဇူလိုင်လ ၂၉ ရက်နေ့ကစလို့  မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တချို့နေရာတွေမှာ MPTဖုန်းလိုင်းတွေရနေတယ်လို့သိရပေမေယ့် မြို့တွင်းနေရာတစ်ချို့နဲ့ အစိုးရရုံးစိုက်ရာအနီးတစ်ဝိုက်မှာသာရနေတာကြောင့် အကန့်သတ်တွေရှိနေဆဲဖြစ်ပြီး ဆက်သွယ်ဖို့လည်းခက်ခဲနေသေးတာဖြစ်ပါတယ်။

ဖုန်းအင်တာနက်လိုင်းပြတ်တောက်မှုနဲ့ပက်သက်ပြီး KNG သတင်းဌာနက စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို ဇူလိုင်လ ၃၁ ရက်နေ့ မေးမြန်းရာ စစ်ကိုင်းတိုင်းဘက်  Cable ကေပယ်ကြိုး ပြတ်တောက်နေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

" စစ်ကိုင်းဘက်က ကေပယ်ကြိုးပြတ်နေတာကြောင့်ဖြစ်တယ် လောလောဆယ်တော့မြို့တွင်းနေရာတစ်ချို့မှာ ဖုန်းလိုင်းတွေရအောင်တော့ ပြင်ဆင်ပေးထားပါတယ်"လို့  စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီး ဦးခက်ထိန်နနန်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ဟာ မကြာခနဖုန်းလိုင်းဖြတ်တောက်ခံထားရပြီး ဒီတစ်ကြိမ်ဖုန်းလိုင်းပြတ်တောက်မှုဟာ စစ်ရေးအခြေနေပေါ်မှုတည်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာအင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလ ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိပြီး အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်တဲ့အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းနဲ့လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...