တစ်နှစ်ကျော်ကြာလာသည့်အထိ MUP ပါတီ မှတ်ပုံတင်မကျသေး

တစ်နှစ်ကျော်ကြာလာသည့်အထိ MUP ပါတီ မှတ်ပုံတင်မကျသေး

စစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ ပါတီမှတ်တင်လျှောက်ထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) သည် တစ်နှစ်ကျော်ကြာလာသည်အထိ ပါတီမှတ်ပုံတင် မကျသေးဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

ပါတီမှတ်ပုံတင်မကျသေးသည့်ကိစ္စနှင့် ပတ်သက်ပြီး UEC ထံ ဖုန်းဆက်သွယ်မေးမြန်းရာတွင် စိစစ်နေဆဲဟုသာ ပြောဆိုကြောင်း၊ မည်သည့်အကြောင်းကြောင့် ကြန့်ကြာနေသည်ဆိုတာကို မသိရှိရကြောင်း MUP ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

“ မှတ်ပုံတင်ထားတာက တစ်နှစ်တောင်ကျော်နေပြီလေ၊ အခုထက်ထိတော့ မကျသေးဘူး။ ဘယ်လိုအခြေအနေကြောင်းတော့ ကျနော်တို့လည်း မပြောတတ်ဘူး။ ကော်မရှင်ကလည်း စိစစ်နေတာ ကြာပြီ အခုတစ်နှစ်လောက်ရှိပြီပေါ့။ ဘာကြောင့်လဲတော့ ကျနော်တို့လည်း မသိနိုင်ဘူး။ ကျနော်တို့ ပထမတော့ တင်ထားပြီးတော့ ၃ လလောက်မှာ တယ်လီဖုန်းနဲ့ မေးကြည့်တာ စိစစ်နေတုန်း၊ နောက်ပြီးတော့ ကျနော်တို့ စာတင်ပြီးတော့ မေးကြည့်တာ စိစစ်နေတုန်းပဲ၊ အဲဒီလောက ထိပဲ သိတယ်၊ အခုထက်ထိ ကျနော်တို့လည်း မမေးတော့ဘူးလေ၊ အဲဒီတော့ အခြေအနေက ဘယ်လိုလည်းတော့ မသိဘူး။ အခုထက်ထိတော့ မှတ်ပုံတင်တော့ မကျသေးဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံရေးပါတီများ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမည်ဟု ပါရှိသည်။

ယင်းနောက် တိုင်းရင်းသားနိုင်ငံရေးပါတီများအပါအဝင် ပြည်မရှိ ပါတီအများအပြား ပြန်လည်၍ မှတ်ပုံတင်ခဲ့ကြသည်။

ပြန်လည်မှတ်ပုံတင်သည့် နိုင်ငံရေးပါတီများကို စစ်ကောင်စီ၏ UEC က မှတ်ပုံတင်ချပေးနေမှုများရှိသလို  ရခိုင်အမျိုးသားပါတီ (ANP)၊ ကချင်အမျိုးသား ကွတ်ကရတ်ပါတီ (KNC) တို့လို အင်အားကြီး တိုင်းရင်းသားပါတီအချို့ကို ပါတီမှတ်ပုံတင်လျှောက်ထားခွင့် ငြင်းပယ်ထားသည်။

စစ်ကောင်စီ၏UEC က တိုင်းရင်းသားအင်အားကြီးပါတီများအပေါ်  ပါတီမှတ်ပုံလျှောက်ထားခွင့် ငြင်းပယ်နေသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက စစ်ကောင်စီအနေဖြင့် အမြင်ကျဉ်းမြောင်းသည့် အခြေအနေကို တွေ့ရကြောင်း၊ နိုင်ငံရေး အင်အားစုများကို စည်းရုံးရမည့်အစား တစ်ဖက်သို့ တွန်းထုတ်သလိုဖြစ်နေကြောင်း ဝေဖန်ပြောဆိုသည်။

“ ဒီမိုကရေစီ ကျင့်စဉ်အရ ရွေးကောက်ပွဲတို့ နိုင်ငံရေးပါတီတို့က ရှိကောင်းရှိရမယ့်ဟာ သို့သော်လည်းပဲ၊ အမြင်ကျဉ်းကျဉ်းနဲ့ ဒီပါတီဟာ ဒီလူမျိုးပဲ၊ ဒီလူမျိုးဆို တို့နယ်မြေတွေသိမ်းထားတာ သူတို့ပဲ စသည်အားဖြင့်ပေါ့ဗျာ၊ အဲဒီလို ရန်ငါစည်း သဘောမျိုးလုပ်ပြီး‌တော့ မွန်တို့ နောက်ကချင်ကိုလည်း မပေးတာ ရှိတယ်ဗျ၊ တစ်ဖွဲ့ရှိတယ်၊ အဲဒီလိုလုပ်နေပါလားလို့ ကျနော်ယူဆတယ်၊ အဲဒီလို လုပ်နေရင်တော့ လက်ရှိ နေပြည်တော်ခေါင်းဆောင်တွေ နည်းနည်းကျဉ်းတဲ့သဘောလို့ ကျနော်ယူဆတယ်ဗျ၊ အမြင်ကျယ်ကျယ်နဲ့ဆိုရင် ဒါတွေက ကိုယ့်ဖက်ကိုလာမယ်၊ ကိုယ်နဲ့ ပူးပေါင်းဆောင ရွက်မယ်၊ ရွေးကောက်ပွဲမှာ ပါချင်လို့ ဒီမိုကရေစီကို ပြန်ဖော်ချင်လို့ စဉ်းစားတယ်ဆိုရင် ကိုယ့်ဖက်ကိုလာတဲ့ အင်အားစုကို ကိုယ်က ဆွဲယူရမှာပေါ့။ အဲဒီလို မဆွဲယူပဲနဲ့ ပြန်တွန်းထုတ်တဲ့အခါကြတော့ လူမျိုးရေးက တိုက်တာရော မတိုက်တာရော ပြန်ပေါင်းစည်းမိသွားရင် ပိုပြီးတော့ ညီညွတ်ရေး တည်ဆောက်ဖို့ ပိုခက်သွားနိုင်တာပေါ့၊ ကျနော်အဲဒီလို မြင်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီ အနေဖြင့် ပါတီမှတ်ပုံတင် မကျသေးသော်လည်း ပါတီလုပ်ငန်းစဉ်များ ယခင်အတိုင်း လည်ပတ်နေကြောင်း နိုင်သန်းရွှေက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် ၂၀၁၉ ခုနှစ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်းထားသည့် ပါတီတစ်ခုဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် လှုပ်ရှားခဲ့သည်။

စစ်ကောင်စီက ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုထားသည်။

Most read this week

September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...
September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...