လားရှိုးမြို့ ပရဟိတ ၂ ဦးကို စစ်ကောင်စီ ဖမ်ဆီးညှဉ်းပန်းနှိပ်စက်၊ တစ်ဦးသေဆုံး

လားရှိုးမြို့ ပရဟိတ ၂ ဦးကို စစ်ကောင်စီ ဖမ်ဆီးညှဉ်းပန်းနှိပ်စက်၊ တစ်ဦးသေဆုံး

သျှမ်းပြည် လားရှိုးမြို့ ပရဟိတအသင်းအဖွဲ့ဝင် အမျိုးသား နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ၎င်းတို့ပါးစပ်ကိုဓားဖြင့်လှီး၊ ဦးခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်နှိက်နှိပ်စက်ခဲ့သဖြင့် တစ်ဦးသေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်တွင် အသက် ၂၄ နှစ်အရွယ်ရှိ ကိုဇော်မျိုးအောင်နှင့် အိုက်လာတို့သည် စစ်ဘေးဒဏ်သင့် ဒုက္ခသည်များအတွက် နေ့စဉ်လိုအပ်သည့် ဆန်၊ ဆီ၊ ဆား ဖြန့်ဝေရန်ထွက်လာစဉ် လားရှိုးမိုးလုံလေလုံလမ်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင်များဖြစ်သည်ဟု သံသယရှိကာ စစ်ဆေးမေးမြန်းစဉ်တွင် ပါးစပ်ကိုဓားဖြင့်လှီးဖြတ်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့် ရိုက်နှိက်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ကိုဇော်မျိုးအောင်၏ သူငယ်ချင်း “အိုက်လာ” မှာ စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်ဘဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကိုဇော်မျိုးအောင်က အကျဉ်းချခံရကြောင်း ၎င်းနှင့်နီးစပ်သူ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစချင်းသူတို့ဖမ်းခံရတုန်းကတော့ မသိရဘူး။ သိရတာက ၂၇ ရက်တည်းက ပျောက်သွားတာ။ နေ့တိုင်းတော့ ဆက်တိုက်စုံစမ်းနေတာ။ ဒီနေ့မှသိရတာ၊ ဝမ်းနည်းရတာပေါ့။ မကောင်းတာလုပ်ပြီး ခံရတာမဟုတ်တာ ပရဟိတလုပ်ပြီးတော့ ဒီလိုခံရတယ်ဆိုတော့ ဒါမဖြစ်သင့်တဲ့ကိစ္စလေ” ဟု ၎င်းက ပြောသည်။

သေဆုံးသွားတဲ့ အိုက်လာ (ခ) မောင်မာလှသည် အသက် ၂၇ နှစ်အရွယ် ကချင်တိုင်းရင်းသားတစ်ဦး ဖြစ်သည့်အပြင် လားရှိုးမြို့ရှိ ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

ဖမ်းဆီးအကျဉ်းကျခံရသည့် ကိုဇော်မျိုးအောင်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကယ်တင်ခဲ့ကြောင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်၏ အမာခံနယ်မြေကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးထားသော ကိုဇော်မျိုးအောင်ကို တွေ့ရှိပြီး ချက်ချင်းကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။

“အခုလို ကျနော်တို့ပရဟိတအသင်းအဖွဲ့ဝင် နှစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ် နှိပ်စက်၊ သတ်ဖြတ်တဲ့အပေါ်မှာ ရှုံ့ချတယ်။ ဒီလုပ်ရက်ကိုရော ရှုံ့ချတယ်။ တရားသောစစ်ပဲ နိုင်ပါစေ” ဟု အထက်ပါ ပုဂ္ဂဂိုလ်တစ်ဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲများကြား ဒေသခံ အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေပြီး မြို့တွင်းတွင် ရုပ်အလောင်းများ မကောက်နိုင်အောင် ရှိနေသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်စပြီး ဇူလိုင် ၃၁ ရက်အထိ သျှမ်းပြည် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရပ်သား စုစုပေါင်း ၁၃၀ ကျော်သေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရှိထားကြောင်း သိရသည်။

Most read this week

September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...