လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို MNDAA ကြားဖြတ်တိုက်၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရ

လားရှိုးသို့ စစ်အင်အားဖြည့် စစ်ကောင်စီယာဉ်တန်းကို MNDAA ကြားဖြတ်တိုက်၊ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရ

သျှမ်းပြည် တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်) နံနက် ၃ နာရီခန့်မှ စတင်ပြီး တန့်ယန်းမြို့မှ လားရှိုးမြို့နယ် နမ့်ပေါင်ဘက်သို့ ကားကြီး (၈) စီးဖြင့် စစ်အင်အား (၄၀၀) ခန့် ဖြည့်တင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် BPLA ပူးပေါင်းတပ်တို့က လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“တန့်ယန်းကနေ နမ့်ပေါင်ကို အင်အားဖြည့်ဖို့ သွားတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်နဲ့ PDF က ဖြတ်တိုက်တာ။ ဝမ်ပန်ရွာနားမှာ မနက် ၃ နာရီလောက်ကတည်းက စောင့်ပြီး တိုက်တာ။ ဘယ်အချိန်ထိ ပစ်ကြလဲတော့ မသိဘူး။ ကား ၈ စီးနဲ့ အင်အား ၄၀၀ လောက်လာတာ၊ ဗမာစစ်သား ၅၀ ကျော် သေပြီး ၈၀ ကျော် ဒဏ်ရာရတယ်”ဟု လားရှိုးမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာဘက်သို့ ဦးတည်ပြီး စစ်အင်အား (၄၀၀) ခန့် တင်ဆောင်လာသည့် ကားကြီး (၈) စီးကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ဇူလိုင်လ ၂၉ ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကားကြီးများဖြင့် လူအင်အား (၁၀၀၀) ခန့်ကို မိုင်းကိုင်မြို့မှ တန့်ယန်းမြို့သို့ ဦးတည်၍ ချီတက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဇူလိုင်လ ၂၇ ရက် ညပိုင်းမှ စတင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’တပ်ဖွဲ့ UWSA လုံခြုံရေးတပ်ဖွဲ့ဝင်များ လားရှိုးမြို့ပေါ် ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်းလာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှ စတင်ပြီး တန့်ယန်းမြို့နယ်ထဲသို့ ‘ဝ’တပ်ဖွဲ့ UWSA မှ တပ်အင်အား ၂၀၀၀ ကျော်ဖြင့် သံလွင်မြစ်အနောက်ဘက်သို့ ကမ်းကူး၍ အင်အားဖြည့်တင်းလာခဲ့ပြီး အချို့မှာ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့သို့ ဆက်လက်ချီတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...