လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာခြေထောက် ကျည်ဖောက်ထွက်

လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာခြေထောက် ကျည်ဖောက်ထွက်

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာဘက်ခြေထောက်ကို ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၈ နာရီကျော်တွင် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတ လူမှုကူညီရေးအသင်းတွင် ကူညီနေသူတစ်ဦးဖြစ်သည့် ကိုစိုင်း(လားရှိုး)သည် ကူညီရေးလုပ်ဆောင်နေစဉ် စနိုက်ပါပစ်ခတ်ခံရပြီး ညာဘက်ခြေထောက် ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“စနိုက်ပါပစ်ခံရတာ၊ ဘယ်သူပစ်မှန်းလည်း မသိဘူး။ ညာဘက်ခြေထောက် လှုပ်လို့မရတော့ဘူး။ သူက တစ်မြို့လုံး အခက်အခဲ ရှိတဲ့နေရာ လှည့်ပတ်ကူညီပေးနေတာ၊ လူတင်ပဲမဟုတ်ဘူး အိမ်ခြံဝင်းထဲ ပိတ်လှောင်ခံထားရတဲ့ ခွေးတွေပါ ကူညီပေးနေတဲ့လူတစ်ယောက်ပါ။ အခု ပေါင်မှာ ပစ်ခံရတာ ကျည်ဖောက်ထွက်သွားလို့ သွေးထွက်လွန်နေတယ်”ဟု ပစ်ခတ်ခံရသူနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇူလိုင်လ ၂၃ ရက်နေ့ကလည်း လားရှိုးမြို့ Freedom Youth Volunteers (FYV) အဖွဲ့မှ အဖွဲ့သားတစ်ဦးလည်း ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် သေနတ်ပစ်ခတ်ခံရပြီး ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ဇူလိုင်လ (၇) ရက်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လာရှိုးမြို့စောင့်တပ် ဖြစ်သည့် ခမရ (၅၀၇) တပ်ရင်းကို MNDAA သိမ်းပိုက်နိုင်သည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့အခြေပြု ခံစစ်သေဖြင့် ခုခံရန် စနိုက်ပါသမားများ ပါဝင်သည့် တပ်ဖွဲ့ငယ် အများအပြား ဖြန့်ကျက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ဇူလိုင်လ ၈ ရက်တွင် ပြောကြားထားသည်။

စစ်ကောင်စီတပ် အနေဖြင့် တပ်ဖွဲ့ငယ်များစွာ ဖြန့်ခွဲ၍ မြို့တွင်းပြောက်ကျား နည်းဗျူဟာ အသုံးပြု ခံစစ်ဆင်ရန် ပြင်ဆင်ပြီး အထပ်မြင့် အဆောက်အအုံများနှင့် မြို့ကို စိုးမိုးထားသည့် တောင်ကြောများတွင် စနိုက်ပါများဖြင့် နေရာယူထားကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – (၄၁)၊ (၆၈) နှင့် ခြေမြန်တပ်ရင်း ခမရ – (၅၀၇) တို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

Most read this week

September 6, 2024
သျှမ်းပြည် တန့်ယန်းမြို့နှင့် ၁၃ မိုင်ကျော် ကွာဝေးသော သံလွင်မြစ်ပေါ်မှ တရုတ်ရေကာတာစီမံကိန်း...
September 5, 2024
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ စိန်ကျော့ပြည်သူ့စစ် ဉက္ကဋ္ဌ...
September 5, 2024
သျှမ်းပြည် ကျောက်မဲမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ...
September 4, 2024
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား...