ကျောက်ဖြူရှိ သံဇစ်မြစ်ကို တရုတ်ရေနံတင်သင်္ဘောတွေ အလွယ်တကူဝင်နိုင်ရန်တူးဖော်နေ

ကျောက်ဖြူရှိ သံဇစ်မြစ်ကို တရုတ်ရေနံတင်သင်္ဘောတွေ အလွယ်တကူဝင်နိုင်ရန်တူးဖော်နေ

တရုတ်ရေနံသင်္ဘောများအလွယ်တကူဝင်ထွက်သွားနိုင်ရန်ဟုဆိုကာ ရခိုင်ပြည်၊ ကျောက်ဖြူ မြို့နယ်၊ မဒေးကျွန်းရှိ သံဇစ်မြစ်ကို တူးဖော်နေပြီး အချိန် ၂ လကျော် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မဒေးကျွန်းမှ ရေနံများကိုသယ်မည့် တရုတ်ရေနံတင် သင်္ဘာကြီးများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်အောင် ရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်းရန်အတွက်ဟုဆိုကာ သံဇစ်မြစ် ရေလမ်း ကြောင်းတူးဖော်သည့် စီမံကိန်းကို ဇူလိုင် ၁၅ ရက်မှစတင်ကာ စက်တင်ဘာ ၃၀ ရက်အထိ နှစ်လကျော်ကြာတူးဖော်နေခြင်းဖြစ်သည်။

ယင်းသို့တူးဖော်မည်ကိုလည်း ဇူလိုင်လ ၃ ရက်တွင် စစ်ကောင်စီက ၄င်းတို့ပိုင်သတင်းစာများမှ တဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဒီစီမံကိန်းလုပ်ငန်း မကြန့်ကြာအောင် လုပ်ငန်းခွင်ဧရိယာ၏ မီတာ ၅၀၀ ပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်လှေများ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်းများ မလုပ်ကြရန် တားမြစ်ထားကြောင်း ဖော်ပြပါရှိသည်။

မဒေးကျွန်းဒေသခံ ဦးသာဇံအောင်က "အခက်အခဲက လုပ်မစားရတော့ စားဝတ်နေရေး ကျပ်တည်းတဲ့အနေအထားရောက်သွားမယ်လေ။ ကောင်းကျိုးဆိုတာ တစ်ခုမှမရှိဘူး"ဟု ပြောသည်။

သံဇစ်မြစ်ရေလမ်းကြောင်း တူးဖော်သည့်စီမံကိန်းကို စစ်ကောင်စီလက်အောက်ခံ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် တရုတ်အစိုးရပိုင် လုပ်ငန်းခွဲတစ်ခုဖြစ်သည့် CNPC-SEAP တို့ ပူးပေါင်းထားသော အရှေ့တောင်အာရှ ရေနံပိုက်လိုင်း ကုမ္ပဏီလီမိတက် (South-East Asia Crude Oil Pipeline Company limited) တို့က ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

သံဇစ်မြစ်ကိုတူးဖော်လျှင် မဒေးကျွန်းဒေသခံများနှင့်အတူ သံဇစ်မြစ်နှင့် တစ်ဆက် တစ်စပ်တည်းရှိသည့် ကျောက်ဖြူမြစ်၊ နောင်တော်ကြီးနှင့်နောင်တော်ချေမြစ်တို့ကိုပါ အားထားမှီခိုလုပ်ကိုင်စားသောက်နေရသည့် ကျေးရွာပေါင်း ၇၀ ကျော်လည်း များစွာ အခက်အခဲဖြစ်သွားနိုင်သည်ဟု ကျောက်ဖြူမြိူ့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက နိရဥ္စရာကိုပြောသည်။

"သံဇစ်မြစ်အပါအဝင် နောက် ကျောက်ဖြူမြစ်ရော၊ ဟိုဘက် နောင်တော်ကြီး၊ နောင်တော်ချေရော၊ အဲဒီဖြစ်တွေကိုအားလုံး အမှီပြုပြီး လုပ်ကိုင် စားသောက်နေရတဲ့ ကျေးရွာတွေဖြစ်တယ်။ အဲဒီရွာတွေအားလုံးကို ထိခိုက်သွားတယ်လေ။ တော်တော်လေး အခက်အခဲဖြစ်လာမယ်"ဟု ပြောသည်။

အဆိုပါဒေသခံများသည် ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပြီးနောက် ဒေသတွင်းကူးလူးသွားလာခွင့်များကိုလည်း စစ်ကောင်စီ၏ တင်းတင်းကျပ်ကျပ်ပိတ်ပင်ခြင်းကို ခံနေကြရသည်ဟု ဦးဖိုးစံက ဆက်ပြောသည်။

"အဲဒီကြားထဲမှာတစ်ခါ အခုရေကြောင်းသန့်ရှင်းမယ်ဆိုပြီးတော့ မသွားရ၊ မလာရ အမိန့်ဥပဒေနဲ့ သူတို့ တကယ်လို့တွေ့မိလို့ရှိရင် သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့အညီအရေးယူမယ်ဆိုပြီးတော့ အဲလိုကြေညာချက်တွေရှိတဲ့အတွက် ပြည်သူ လူထုတွေဟာ လုပ်ကိုင်စားသောက်နေတဲ့၊ ရေလုပ်ငန်းနဲ့ သက်မွေးဝမ်းကျောင် းသော်လည်းကောင်း၊ ကျန်းမာရေးအားဖြင့် ကျောက်ဖြူနဲ့ဟိုဘက်ကမ်းမှာနေပြီးတော့ ကျေးရွာပေါင်း ၇၃ ရွာရှိတယ်လေ။ အဲလို ရေကြောင်းနဲ့ပဲ မြို့ကိုလာရတဲ့ ကျေးရွာက လူတွေကတော့ တော်တော်လေး အကျပ်အတည်းနဲ့ အတိဒုက္ခတွေရောက်မယ်လို့ မြင်မိတယ်"ဟု ပြောသည်။

ယင်းအပြင် မြစ်ကြောင်းတူးရာမှထွက်လာမည့်မြေစာပုံများကိုစွန့်ပစ်ရာတွင်လည်း သဘာဝပတ်ဝန်းကို အနည်းနှင့်အများဆိုသလို ထိခိုက်လာနိုင်သည်ဟုလည်း ပြောသည်။

ရေနံတင်သင်္ဘာများဆိုက်ကပ်သည့် ဆိပ်ကမ်းတည်ရှိရာ မဒေးကျွန်းသည် ကျောက်ဖြူမြို့နှင့် ၁၀ မိုင်ခန့်သာဝေးပြီး ဒေသခံများသည် သံဇစ်မြစ်နှင့် ကျောက်ဖြူမြစ်တို့ကို အားထားပြီး တံငါလုပ်ငန်းဖြင့် ဝမ်းစာရှာဖွေစားသောက်နေကြရသူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

တရုတ်နိုင်ငံအတွင်းသုံးစွဲရန် အာရပ်ကမ္ဘာနှင့် အာဖရိကတိုက်မှ ရေနံစိမ်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်ရှိ ရေနံစိမ်းသိုလှောင်ကန်မှတစ်ဆင့် မြေအောက် ပိုက်လိုင်းများဖြင့် ၂၀၁၆ ခုနှစ်မှစပြီး တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်လာခဲ့ခြင်းဖြစ်သည်။

ရေနံတင်သင်္ဘောများစတင်ဆိုက်ကပ်သည့်အချိန်ကပင် မဒေးကျွန်း၊ သံဇစ်မြစ်ကို အမှီပြု၍ အသက် မွေးဝမ်းကျောင်းသည့် ဒေသခံရေလုပ်သားအများအပြားမှာ ငါးရှာဖွေဖမ်းဆီးမည့် လုပ်ကွက်များ ဆုံးရှုံးသွားကြောင်း ဒေသခံရေလုပ်သားများက ပြောဆိုကြသည်။

မဒေးကျွန်းရှိ ရေနံတင်ချဆိပ်ကမ်းအား တန်ချိန် ၃ သိန်းဆံ့ ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် အကောက်ခွန်ဦးစီးဌာနက ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ရေနံတင်ဆိပ်ကမ်းအဖြစ် သတ်မှတ်ခဲ့သည်။

Most read this week

September 27, 2024
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အား စက်တင်ဘာလ  (၂၅)  ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာအများအပြားမှ ရွာသူ ရွာသားများကို စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ်ဖြင့်...
September 24, 2024
ရခိုင်ပြည်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်း(Pad) များ ရှားပါးမှုနှင့် ဈေးမြင့်တက်မှုများကြောင့်...