မွန်ပြည်နယ်မှ စစ်သင်တန်းပြီးမြောက်သူများ ကချင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသအထိ ပို့ဆောင်ခြင်းခံထားရ

မွန်ပြည်နယ်မှ စစ်သင်တန်းပြီးမြောက်သူများ ကချင်ပြည်နယ်ရှိ ပဋိပက္ခဖြစ်ပွားရာဒေသအထိ ပို့ဆောင်ခြင်းခံထားရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မတော်တန်းမြှင့် သင်တန်းကျောင်းမှ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ပြီးမြောက်ထားသည့် သင်တန်းသားများသည် ကချင်ပြည်နယ်ရှိ တိုက်ပွဲပဋိပက္ခဖြစ်ပွားရာဒေသအထိ ပို့ဆောင်ခြင်းခံထားရသည်ဟု သိရသည်။

စစ်သင်တန်း အပတ်စဉ် ၁ မှ သင်တန်းပြီးမြောက်ထားသည့် သင်တန်းသားအယောက် ၂၀၀ ကျော်တို့ကို ကချင်ပြည်နယ်အပါအဝင် အခြားတိုက်ပွဲပဋိပက္ခဖြစ်ပွားရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့တွင် ပို့ဆောင်ခြင်းခံထားရသည်ဟု စစ်သင်တန်းအပတ်စဉ် ၁ ပြီးမြောက်ထားသည့် လူငယ်တစ်ဦးက ဆိုသည်။

" ကျနော်တို့က သံဖြူဇရပ်မှာ သင်တန်း ၃ လ ပြီးသွားတော့ ဒီကချင်ဘက်ကို ရောက်လာတယ်ပေါ့၊ လူခွဲတယ်လေ မော်လမြိုင်ဘက်ရောက်တဲ့လူလည်းရှိ၊ ပဲခူးဘက်ကို ၂၀ လောက်ရောက်သွားတာလည်းရှိတယ်၊ အဲ့ကနေတစ်ဆင့် အခြားကိုထပ်ခွဲပို့တယ်၊ ကားတစ်စီးကို ၁၅ ယောက်တင်ပြီး ပို့ချင်တဲ့နေရာပို့တယ် ကျနော်တို့က လမ်းမှာတစ်ညအိပ်ပြီး အခုဆိုကချင်ဘက်ကိုရောက်နေတယ်" ဟု ဆိုသည်။

လက်ရှိ နေရာချထားပေးသည့် တပ်ရင်းနေရာတို့တွင် ၂ နှစ်တာအထိ တာဝန်ထမ်းဆောင်ပြီးမှသာ နေရပ်သို့ပြန်လည် ပို့ဆောင်ပေးမည်ဟု ဆက်ပြောသည်။

အဆိုပါ စစ်မှုထမ်းသင်တန်းဆင်းသူတို့ကို တိုက်ပွဲဖြစ်ပွားထားသည့် ရွာတို့တွင် ညဘက်ကင်းစောင့်တာဝန်ပေးဆောင်ထားပြီး အခြေအနေတစ်စုံတစ်ခု ထူးခြားပါက ပစ်ခတ်ခွင့်ပေးထားသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် မိသားစုနှင့် အဆက်အသွယ်ပြုလုပ်နိုင်သော်လည်း အင်တာနက်အခက်အခဲကြောင့် အဆက်အသွယ်ရရှိရန်ခက်ခဲနေသည့်အပြင် စစ်မျက်နှာပြင်နေရာတွင် ပို့ဆောင်ထားခြင်းကြောင့် စိုးရိမ်ပူပန်နေရသည်ဟုလည်း အဆိုပါ လူငယ်၏ မိခင်ဖြစ်သူကဆိုသည်။

" အရင်က သံဖြူဇရပ်မှာရှိနေမှာ ၃ လရှိနေတယ်ပေါ့၊ သံဖြူဇရပ်ကနေ အခုဆိုဟိုးအထက်ဘက်ကို ပို့လိုက်တော့ ဘယ်ကိုရောက်နေမှန်းတောင်မသိဘူး၊ ကချင်ဘက်ရောက်တယ်လို့ပြောလိုက် လာရှိုးဘက်ရောက်တယ်လို့ပြောလိုက်နဲ့၊ သူ့ကို ဘုရားကုန်းပေါ်မှာ ကင်းစောင့်ခိုင်းနေတယ်လို့ပြောတယ်၊ သူကိုယ်တိုင်က ဘယ်ကိုရောက်နေလဲဆိုတာမသိဘူး၊ စိုးရိမ်ပူပန်ရတယ်ပေါ့"ဟု ဆိုသည်။

မွန်ပြည်နယ်ရှိ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်းသင်တန်း ၃ လတာပြီးဆုံးပါက မိမိဒေသအတွင်းသာ တာဝန်ချထားပေးမည်ဖြစ်ပြီး ထိုက်သင့်သည့် ငွေကြေးပမာဏခံစားခွင့်တို့ကိုလည်း ပေးဆောင်မည်ဟု ယခင်စစ်မှုထမ်းသင်တန်းတက်ရောက်ရန် စည်းရုံးစဉ်က ပြောဆိုထားသည်။

စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကို ပြီးခဲ့သည့် ဧပြီလတွင် စတင်ခဲ့ပြီး စစ်အခြေခံလေ့ကျင့်ရေး သင်ကြားပြီး ၃ လအကြာ ဇွန်လ ၂၈ ရက်နေ့တွင် သင်တန်းဆင်းခဲ့သည်ဟု သိရသည်။

သင်တန်းဆင်းသည့် စစ်မှုထမ်းအရေအတွက်ကို စစ်ကောင်စီမှ ဖော်ပြထားခြင်းမရှိသော်လည်း ဗမာ့ရေးရာနှင့် ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့( BACS) မှ ပထမအကြိမ် စစ်မှုထမ်းသင်တန်းတွင် နိုင်ငံတစ်ဝှမ်း လူငယ် ၅၀၀၀ နီးပါး စုဆောင်းခံခဲ့ရသည်ဟု ဖော်ပြထားသည်။

လက်ရှိ မွန်ပြည်နယ်မှ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းကို မေလ ၁၄ ရက်နေ့တွင် စစ်ကောင်စီ၏ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေရှိ သင်တန်းကျောင်းတို့တွင် စတင်ဖွင့်လှစ်ထားပြီး မွန်ပြည်နယ်မှ လူငယ် ၂၀၀ ကျော်ပို့ဆောင်ခြင်း ခံထားရသည်ဟုလည်း သိရသည်။

October 1, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို...
September 30, 2024
မွန်ပြည်နယ် ရေးမြို့  အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF...
September 30, 2024
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ အနန်းကွင်းဗျုဟာတပ်စခန်း...
September 27, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာ ကျားတန်းဘက်က ရေလုပ်သားတို့တွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ...