ထိုင်းနယ်စပ်နဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ရေဖြူဒေသခံအများစု နေရပ်မပြန်ရဲသေး

ထိုင်းနယ်စပ်နဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ရေဖြူဒေသခံအများစု နေရပ်မပြန်ရဲသေး

တနင်္သာရီတိုင်း ရေဖြူမြို့ နယ်အတွင်း ပြီးခဲ့တဲ့ ဇွန်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထိုင်းနယ်စပ်နဲ့ ဘေးလွတ်ရာ တိမ်းရှောင်နေကြတဲ့ ဒေသခံအများစုဟာ နေရပ်မပြန်လာရသေးဘူးလို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ကနေ သိရပါတယ်။

လနဲ့ချီ စစ်ကောင်စီလက်လွှတ်ခဲ့ရတဲ့ ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်း ချုပ်နိုင်ဖို့ ဇွန် ၇ ရက်နေ့ကစပြီး ရေဖြူမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီးနောက် ၁၉ ရက်နေ့မှာတော့ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေဖြူမြို့နယ် မျောက်ချောရွာက နေအိမ်အလုံး ၄၀ လောက် မီးလောင်ပျက်စီးခဲ့ရပြီး ကျေးရွာ ၉ ရွာက ဒေသခံ ၃၇၀၀ ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။

နေအိမ်တွေ ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသခံတွေဟာ ထိုင်း-မြန်မာနယ်စပ်ဘက်ကို တိမ်းရှောင်လာကြသလို အနီးအနားကျေးရွာတွေမှာလည်း ခေတ္တတည်းခိုနေပြီး နေရပ်ပြန်သွားကြတာလည်း ရှိတယ်လို့ MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။

“အတော်များများကျတော့ လုံးဝပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကျတော့ ထိုင်းမြန်မာနယ်စပ် ခလော့ခနီဆိုတဲ့ ရွာကိုတိမ်းရှောင်လာကြတယ်။ ဘုန်းကြီးကျောင်းမှာ တည်းခိုနေကြတယ်လို့ ကြားတယ်။ တချို့ကလည်း အနီးအနားမှာရှိတဲ့ ရွာတွေမှာ ခေတ္တတည်းခိုနေတာ ရှိတယ်။ တချို့ကျတော့ ပြန်သွားတာတွေ ရှိတယ်။ စစ်တပ်က ထွက်သွားပြီဆိုတော့ တချို့ကျတော့လည်း မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသ ဝယ်ဇင်ဘက် တိမ်းရှောင်လာကြတာရှိတယ်လို့ ကျွန်တော်တို့ ကြားရတယ်”လို့ ဆိုပါတယ်။

ထိုင်း – မြန်မာနယ်စပ် မြန်မာဘက်ခြမ်းဖြစ်တဲ့ ခလော့ဂနီကျေးရွာမှာ တိမ်းရှောင်လာကြတဲ့ ရေဖြူဒေသခံ စစ် ရှောင်ပြည်သူ ၁၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲက အသက် ၆ နှစ်ကလေးတွေအပါအဝင် နို့တိုက်မိခင်တွေလည်း ပါဝင်တယ်လို့ နိုင်နဂါးက ပြောပြပါတယ်။

သက်ဆိုင်ရာဒေသအလိုက် တိမ်းရှောင်လာကြတဲ့ ရေဖြူဒေသခံတွေကို မွန်ပြည်သစ်ပါတီအပါအ ဝင် မွန်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့က လိုအပ်တဲ့ ဆေးဝါး၊ကျန်း မာရေးစောင့်ရှောက်မှု၊ အစားအသောက်နဲ့ နေထိုင်ရေးအတွက် ကူညီထောက်ပံ့ပေးနေတာပါ။

နိုင်နဂါးကတော့ ဘေးလွတ်ရာ တိမ်းရှောင်ကြတဲ့ စစ်ရှောင်ပြည်သူအများစုဟာ နေရပ်ပြန်ဖို့ မစဉ်း စားတော့ဘဲ နယ်ခြားမှာပဲ အခြေချဖို့ စဉ်းစားနေကြတယ်လို့ ပြောပါတယ်။

“ အကုန်လုံးမပြန်ဘူး၊ တချို့ကျတော့လည်း ပြန်ဖို့ မစဉ်းစားတော့ဘူး၊ အဲဒီလိုရှိတယ်။ လုံးဝအကုန်မပြန်ရသေးပါဘူး။ အခုန ကျွန်တော်ပြောသလိုပဲ။ ဝယ်ဇင်နဲ့ ခလော့ခနီဘက်ကို ထွက်သွားတာတွေတော့ ရှိတယ်။ တချို့ကျတော့ပြန်ဖို့ မစဉ်းစားတော့ဘူး။ ဒီနယ်ခြားမှာပဲ အခြေချဖို့ စဉ်းစားနေကြတယ်လို့ ပြောနေကြတာရှိတယ်”လို့ ဆိုပါတယ်။

ဇွန် ၁၉ ရက်နေ့က တိုက်ပွဲအတွင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာအုပ်စုရှိ မျောက်ချောရွာအပါအဝင် မရော့ပ်ချိုင်း၊ သဲချောင်း၊ ပနန်းပုံ၊ လှည်းဆိပ်၊နဂါးအိုင်၊ကျောင်းဒုံး၊ရုံးပိုင်နဲ့ မိတ်ဇိပ်ရွာက အိမ် ထောင်စု ၇၆၀ လောက် စစ်ဘေးသင့်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရေဖြူမြို့နယ် မျောက်ချောရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာကနေ ခေတ္တထွက်ခွာသွားပေမယ့် ဇူလိုင် ၂ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးတာပါ။

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

Most read this week

July 6, 2024
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှာ စစ်ကောင်စီတပ်ဘက်က အင်အားတိုးချဲ့လာတာ၊...
July 5, 2024
စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေ ဆိုးဆိုးရွားရွား ကျပ်တည်းနေချိန်မှာ အခွန်တိုးကောက်ဖို့...
July 3, 2024
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ကျေးရွာအနီးမှာ ဇူလိုင် ၂...
July 3, 2024
တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီရဲ့...