ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ သေနတ်နဲ့ ပစ်သတ်မှု ကျူးလွန်ခဲ့တဲ့သူတွေထဲက နှစ်ဦးလွတ်မြောက်နေဆဲဟုဆို

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ သေနတ်နဲ့ ပစ်သတ်မှု ကျူးလွန်ခဲ့တဲ့သူတွေထဲက နှစ်ဦးလွတ်မြောက်နေဆဲဟုဆို

ဒီးမော့ဆိုမြို့နယ်အနာက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကျူးလွန်သူ သုံးဦးအနက် တစ်ဦးကို ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF ) က ဖမ်းဆီးထားပြီး ကျန်နှစ်ဦးမှာ လက်ရှိအချိန်အထိ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

“တရားခံတစ်ဦးကိုတော့ နောက်တရက်မှာ ကျနော်တို့ ဖမ်းမိခဲ့တယ်။ ကျနော်တို့ ရဲဘော်ကိုယ်တိုင် သွားဖမ်းခဲ့တယ်။ လောလောဆယ် ၂ယောက်တော့ လွတ်မြောက်နေတယ်ပေါ့နော။” လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF ) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေဟာ လာဇရု ၊ မောင်ငယ် ၊ ဂျိုးဇက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်မှာ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး ကျေးရွာ အနီးတောင်ပေါ်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ညက လာဇရုနဲ့ မောင်ငယ်တို့ဟာ စိုင်းနှောင် နဲ့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၃၅၀၁ မှ ဒု တပ်ရင်းမှူး စောဂျက်ကိုပါ ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ DMO Local PDF ထံက သိရပါတယ်။

“ ဖြစ်စဥ်က‌တော့ ၂၁ ရက်ညမှာပေါ့နော။ အဲ့မှာဖြစ်တယ်။ ဖြစ်စဥ်ဖြစ်ပြီးတော့ ကျနော်တို့ နယ်မြေမှာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့မှာ တာဝန်ရှိတယ် ဆိုတဲ့ အသိစိတ်နဲ့ ကျနော်တို့က လိုက်လံပြီးတော့ ကျနော်တို့ ဝိုင်းဝန်းကူညီရှာဖွေပေးတယ်။ ပို့ဆောင်ပေးတယ်။ သင်္ဂြိုလ်ကူပေးတယ်” လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ ၃ဦးအနက် လားဇရုက ပြီးခဲ့တဲ့ ၂ နှစ်မှာ DMO Local PDF မှာ တပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပေမဲ့ လက်ရှိမှာတော့ လုံးဝသက်ဆိုင်မှုမရှိတော့ကြောင်း DMO Local PDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ နဖူးတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေတဲ့ စိုင်းနောင်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရပြီး စောဂျက်ကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ စိုင်းနောင်ရဲ့ ကိုယ်‌အရေးအချက်အလက်ကိုတော့ ကန္တာရဝတီတိုင်း (မ်) အနေနဲ့ မသိရပါဘူး။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ် ( DMO-PDF ) လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ ကျူးလွန်သူ နှင့် ကျူးလွန်ခံရသူ ၂ ဖက်အကြား ရန်ငြိုးရန်စ တွေကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းဖော်ပြထားပြီး နောက်ရက်မှာတော့ အဆိုပါ ပို့စ်ကို ပြန်လည်ဖျက်ချလိုက်သည်ကို တွေ့ရှိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို အရေးယူ‌ဆောင်ရွက်မှုနဲ့ ပတ်သတ်ပြီး ကရင်နီပြည်ရဲ KSP ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိ‌သေးပါဘူး။

Most read this week

June 28, 2024
ကရင်နီပြည်၊ ရှားတောမြို့နယ်ထဲက စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့...
June 28, 2024
ရှမ်းပြည်တောင်ပိုင်းမှာ ဇွန်လ ၉ ရက် ကနေ ၂၂ ရက်နေ့အတွင်း ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရတဲ့...
June 26, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ဌာနဆိုင်ရာအလိုက်...
June 26, 2024
ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းက စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ မယ့်စလောင်းတောင် စခန်းကို...