လွိုင်ကော်မြို့မှာ ဌာနဆိုင်ရာ လက်အောက်ခံဝန်ထမ်းတွေကို ဩဂုတ်လအတွင်း အားလုံးပြန်လာဖို့ စစ်ကောင်စီညွှန်ကြားထား

လွိုင်ကော်မြို့မှာ ဌာနဆိုင်ရာ လက်အောက်ခံဝန်ထမ်းတွေကို ဩဂုတ်လအတွင်း အားလုံးပြန်လာဖို့ စစ်ကောင်စီညွှန်ကြားထား

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ဌာနဆိုင်ရာအလိုက် လက်အောက်ခံဝန်ထမ်းတွေကို လာမယ့် ဩဂုတ်လအတွင်း အားလုံး ပြန်လာကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

“ကြားရ သလောက်တော့ ၈လပိုင်း အကုန်ကို ဝန်ထမ်းအားလုံး လွိုင်ကော် အရောက် ခေါ်မယ်လို့ ပြောနေကြတယ် ။ ပြန်ချင်ချင် မပြန်ချင်ချင် ပြန်ရမှာပဲ ထင်ပါတယ်။” လို့ Non-CDM ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။

မပြန်ချင်တဲ့ဝန်ထမ်းအများစုရှိနေကြတာကြောင့် လွိုင်ကော်မြို့တွင်းကို ပြန်ဝင်ဖို့အတွက် ဝန်ထမ်းတွေဟာ မဲနှိုက်ကြရပြီး မဲပေါက်တဲ့သူက ဦးစွာ ပြန်ဝင်ကြရတယ်လို့ Non-CDM ဝန်ထမ်းတွေက ပြောကြပါတယ်။

” နေစရာအိမ်မရှိ သေးလို့ ၊ မိသားစု ခက်ခဲနေလို့ ဆိုပြီး တင်ပြတော့ ၊ တစ်လ ချင်းဆီ အဖွဲ့ လိုက် ပြန်ရမယ် ပြောတယ် ။ ဒီလတွေ မပြန်ချင်တဲ့ သူတွေက မဲနှိုက်ပြီး မဲကျတဲ့ သူတွေ အရင်ပြန်ရတယ်။ “လို့ အမည်မဖော်လိုသူ သူနာပြုတစ်ဦးက ပြောပြပါတယ်။

လက်ရှိမှာတော့ လျှပ်စစ်ဝန်ထမ်း ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဌာန၊ ကျန်းမာရေးဌာနမှ သူနာပြု၊ ဆရာဝန်တွေကို ဦးစားပေးခေါ်နေကြောင်းလည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့မှာ ဌာနဆိုင်ရာညွှန်မှူးအဆင့်ရှိ ဝန်ထမ်း နှစ်ဦးဟာ နမ့်ဘော်ဝမ်စျေးအတွင်း သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတဲ့ သတင်းကြောင့် ဝန်ထမ်းတွေက လုံခြုံရေးအတွက် စိုးရိမ်ပြီး နေရပ်မပြန်လိုသူတွေ ရှိနေတာပါ။

“သူတို့ကခေါ်နေပေမဲ့ လုံခြုံရေး ကြတော့ တာဝန်ယူပေးမှာ မဟုတ်ဘူး။ ပြောင်းရွေ့ခွင့်တင်လည်း မပေးဘူး။ ထွက်ခွင့်ဆို ပိုတောင်ဆိုးသေး။ မသက်သာလို့ ပြန်ရပေမဲ့ ဖြစ်နိုင်ရင် မလုပ်ချင်တော့ဘူး။” လို့ လွိုင်ကော်ကို ပြန်လည် ရောက်ရှိနေတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ လွိုင်ကော်မြို့ အတွင်း နမ့်ဘော်ဝမ်၊ ကြည်သာယာ ၊ လောဓမ္မ ၊ ဒေါတမ ၊ ရှမ်းပိုင်း ၊ မင်းစု ၊ ပန်ကန်း အစရှိတဲ့ ရပ်ကွက် တွေမှာ ပြည်သူတွေ အများစု နေထိုင်ကြတယ်လို့ သိရပါတယ်။ ကန္တာရဝတီတိုင်း( မ် ) ရဲ့ လက်လှမ်းမှီသလောက် ကောက်ယူထားတဲ့ စာရင်းအရ မေလ၊ ဇွန်လအတွင်းမှာလည်း လွိုင်ကော်မြို့မှာ နေရပ်ပြန်ရင်း မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၃ ယောက်အထိ ရှိနေပါတယ်။

လတ်တလော လွိုင်ကော်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

Most read this week

June 28, 2024
ကရင်နီပြည်၊ ရှားတောမြို့နယ်ထဲက စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့...
June 28, 2024
ရှမ်းပြည်တောင်ပိုင်းမှာ ဇွန်လ ၉ ရက် ကနေ ၂၂ ရက်နေ့အတွင်း ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရတဲ့...
June 27, 2024
ဒီးမော့ဆိုမြို့နယ်အနာက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကျူးလွန်သူ...
June 26, 2024
ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်းက စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ မယ့်စလောင်းတောင် စခန်းကို...