KNU အုပ်ချုပ်နယ်မြေမှာ စစ်ရှောင်ဒုက္ခသည် တစ်သန်းကျော်အထိရှိလာ

KNU အုပ်ချုပ်နယ်မြေမှာ စစ်ရှောင်ဒုက္ခသည် တစ်သန်းကျော်အထိရှိလာ

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စစ်ရှောင်ဒုက္ခသည် တစ်သန်းကျော်အထိ ရှိလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားတဲ့အချိန်ကစပြီး ၂၀၂၄ ခုနှစ် မေလအထိ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထု စုစုပေါင်းတစ်သန်း ခုနှစ်သောင်းကျော်အထိ ရှိလာခဲ့တာပါ။

KNU အနေနဲ့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ ၆ သိန်းကျော်ကို လူသားချင်းစာနာမှုအကူအညီတွေ ကူညီပေးအပ်နိုင်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူလူထုအားလုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိရေး လုပ်ဆောင်လျက်ရှိတယ်လို့ အသိ ပေးထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ ခရိုင် ၇ ခရိုင်ရှိတဲ့အထဲက KNU ညောင်လေးပင်ခရိုင် တပ်မ ဟာ ၃ နယ်မြေထဲမှာ စစ်ဘေးရှောင်ဦးရေ အများဆုံးရှိနေပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၅ သိန်းနီးပါးရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှာင်နေတဲ့ စစ်ဘေးရှောင်အားလုံး အကူအညီတွေရရှိဖို့အတွက် KNU အနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ကာ အကူအညီတွေရရှိဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောပါတယ်။

“စစ်ကောင်စီက အဆက်မပြတ်ထိုးစစ်ဆင်မှုနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေကြောင့် ဒီလူတွေကဆက်လက်ပြီးတော့ ကူညီရရှိဖို့လိုတယ်။ အားလုံးကိုရရှိဖို့အတွက်လည်း နိုင်ငံ တကာနဲ့ချိတ်ဆက်ပြီးတော့ပေ့ါနော်။ ဒီအကူအညီမျိုးရရှိအောင် ကျွန်တော်တို့ ဆက်လက်ဆောင် ရွက်နေပါတယ်။ ဒီလိုမျိုးစစ်ဘေးရှောင်ဦးရေတိုးလာတဲ့ ကိစ္စကတော့ စစ်ကောင်စီဘက်က တပ်တွေကပေ့ါနော်။

သူတို့ဘက်က အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အစီ အစဉ်လည်း ပိုပြီးများပြားလာတဲ့အပေါ်မှာ ဒီလိုစစ်ဘေးရှောင်တွေ အများအပြားတိုးလာရခြင်းဖြစ်တယ်ဆိုတာ ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။

BNI မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် မေ ၂၅ ရက်နေ့အထိ လပေါင်း ၄၀ အတွင်း နိုင်ငံတဝန်း စစ်ဘေးရှောင်ပြည်သူ သုံးသန်းကျော်အထိ ရှိလာပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ရှောင်အရေအတွက် အများဆုံးနှစ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတော်လှန်စစ်ကနေ ထိုးစစ်အသွင်ပြောင်းလဲခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ဘေးရှောင် အရေအတွက်အများဆုံးဖြစ်နေတာကို ထောက်ရှုကြည့်ရင် စစ်ဘောင်ကျယ်ပြန့်လာတာနဲ့အမျှ ပြည်သူတွေရဲ့ လုံခြုံ‌ရေးနဲ့ အသက်ရှင်သန်‌ရေးဟာ ပိုမိုခြိမ်းခြောက်ခံနေရတာလို့ BNI က ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလအတွင်း ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ ဖျားနာမှု၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားစတဲ့ ရောဂါတွေကို ကြုံတွေ့နေရသလို သဘာဝဘေးအန္တရယ်တွေနဲ့ အသက်မွေးဝမ်းကျောင်းအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။

“မိုးတွင်းကာလမှာ ဖြစ်တတ်တဲ့ ဖျားနာမှုတွေ ဝမ်းပျက်ဝမ်းလျှောရောဂါတွေပေ့ါနော်။ ဒီငှက်ဖျားစသဖြင့် ဒီအဖြစ်များတဲ့ရောဂါတွေနဲ့ပေါ့နော်။ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေလည်းပဲ ကြုံတွေ့နေရသလိုမျိုး ပြည့်စုံလုံလောက်ပြီးမှ လုံခြုံမှုကောင်းတဲ့နေရာထိုင်ခင်း မရှိတဲ့အပေါ်မှာ သဘာဝဘေးဒဏ်ကိုလည်းပဲ ဒါထပ်ဆင့်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားမှာရှိတယ်ပေါ့။ အဲဒါကြောင့် သူတို့ရဲ့ အသက်ရှင်ရပ်တည်မှုအတွက်သော်လည်းကောင်း ဆေးဝါးကုသမှုအတွက် ကျန်း မာရေးလက်လှမ်းမီနိုင်ခွင့်တော့လည်း ပိုပြီးတော့မှ ဒီမိုးတွင်းကာလမှာ ခက်ခဲနေတာတွေကိုတော့ ကျွန်တော်တို့ တွေ့ရှိရတယ်” လို့ စောနန္ဒဆူးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ဦးရေ အရေအတွက် တိုးများလာတာဟာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ပိုမိုကြီးထွားလာစေတဲ့ အခြေခံအကြောင်းတရားတစ်ခုဖြစ်ပြီး လူသားချင်းစာ နာထောက်ထားမှု အကျပ်အတည်းကို ကြီးထွားလာစေတာကလည်း လက်နက်ကိုင်ပဋိပက္ခရဲ့ ဆိုးကျိုးသက်ရောက်မှုဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အထူးသဖြင့် စစ်ကောင်စီတပ်အနေနဲ့ ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်ပြီး လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုပါက ပြည်သူလူထုရဲ့ လူသားချင်းစာနာထောက်ထားမှုအ ကျပ်တည်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု အခြေအနေအကျပ်တည်းတွေဟာ ဆက်လက်ပြီး ပိုမိုကြီးထွားလာနေဦးမှာဖြစ်တယ်လို့ စောနန္ဒဆူးက ဆိုပါတယ်။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းရှိ လူဦးရေ သုံးသန်းကျော်ဟာ အိုးအိမ်စွန့်ခွာထွက် ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အချက်အ လက်တွေက ဖော်ပြထားပါတယ်။

Most read this week

July 3, 2024
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ကျေးရွာအနီးမှာ ဇူလိုင် ၂...
July 3, 2024
တိုင်းရင်းသားအင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီရဲ့...
July 2, 2024
မွန်ပြည်နယ်မှာ အခုနှစ်မိုးတွင်းကာလဖြစ်တဲ့ ဇွန်လကစပြီး အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်မှုရောဂါ...
July 1, 2024
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့က ပွိုင့် ၃၀၀၀...