ဝိုင်းမော်မှာ ဒရုန်းဗုံးသီးစထိမှန်လို့ အရပ်သားတစ်ဦးသေဆုံး

ဝိုင်းမော်မှာ ဒရုန်းဗုံးသီးစထိမှန်လို့ အရပ်သားတစ်ဦးသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဝါရွာမှာ မနေ့ကည ၁၀ နာရီခွဲဝန်းကျင် ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီဒရုန်းဗုံးသီးဟာ နမ့်ဝါရွာအနီးမှာရှိတဲ့ ရာဘာခြံထဲကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရင်ဘတ်ကိုထိမှန်သေဆုံးခဲ့ရတာလို့ ဝိုင်းမော် ဒေသခံတစ်ယောက်ကပြောပါတယ်။

“ထိတာက ရင်ဘတ်တည့်တည့်မှာပါ။ ဗုံးသီးက ကွဲပြီးတော့ ဘေးကိုစင်တာ အစမှန်တာပါ။ ကျတဲ့နေရာ မှာလည်း ကျင်းကြီး အကြီးကြီးကိုဖြစ်သွားတာ ၃ ပေလောက်ကိုကျယ်တယ်။ ဘယ်ကပစ်မှန်းလည်း မသိပါဘူး”လို့ပြောပါတယ်။

ဗုံးဆထိမှန်သေဆုံးခဲ့သူဟာ အသက် ၄၀ ကျော်အရွယ် ကိုကရင်ကြီးဆိုသူဖြစ်ပြီး သေဆုံးစဥ်မှာ အမျိုးသမီး နဲ့ ၄ နှစ်ဝန်းကျင်အရွယ် သမီးဖြစ်သူတို့ကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။

ဇွန်လ ၂၀ ရက် မနေ့က ညပိုင်း မြစ်ကြီးနားဘက်နေရော ဝိုင်းမော်ဘက်ကနေပါ ကောင်းကင်မှာ မီးရောင်နီနီနဲ့ စစ်ကောင်စီရဲ့ ဒရုန်းတစ်ချို့ပျံဝဲနေတယ်ဆိုတဲ့ ရုပ်သံတွေလည်း လူမှုကွန်ယက်မှာပျံ့နှံ့နေသလို မနေ့ကညပိုင်း နမ့်ဝါရွာမှာ ကျရောက်ပေါက်ကွဲတဲ့ဗုံးသီးဟာလည်း စစ်ကောင်စီရဲ့ဒရုန်းကနေပစ်ချတဲ့ ဗုံးသီးလို့ ဒေသခံတွေက သုံးသပ် နေကြပါတယ်။

နမ့်ဝါရွာမှာလက်နက်ကြီးကျရောက်ပေါက်ကွဲတာနဲ့ပတ်သက်လို့ ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ သီတလရံသီကျောင်းက ဆရာတော် အရှင်ဝိဇယ(ဝါရှောင်ဆရာတော်)က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ လည်း အခုလိုရေးသားထားပါတယ်။

“မြစ်ကြီးနားဘက်ကောင်းကင်ကနေ၊ မြစ်ကြီးနားရော ဝိုင်းမော်ဘက်က ပြည်သူတွေ အကုန်လုံးထင်ထင် ရှားရှား လှမ်းမြင်လိုက်ကြတဲ့မီးနီကြီးနဲ့စကစဒရုန်းကြီးပျံသန်းလာပြီး ပစ်ချသွားလို့နမ့်ဝါရွာနားက ရာဘာခြံထဲမှာ ကျရောက်ပေါက်ကွဲ”လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ညပိုင်း ၈ နာရီလောက်ကလည်း နမ့်ဝါကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲချတိုက် ခိုက်ခဲ့တဲ့အတွက် နမ့်ဝါဘုန်းကြီးကျောင်းနဲ့အဆောက်အဦးတစ်ချို့ ဗုံးစထိမှန်ပျက်ဆီးခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ရဲ့တစ်ဖက်ကမ်းမှာပဲတည်ရှိတဲ့ ဝိုင်းမော်မြို့နယ်ထဲကကျေးရွာတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်တာတွေဆက်တိုက်လုပ်နေပြီး အရပ်သာသေဆုံးမှု မြင့်တက်လာနေတာဘဲ ဖြစ်ပါတယ်။

KNG သတင်းဌာနရဲ့ လက်လှမ်းမှီသလောက်သတင်းပြုစုချက်အရ ပြီးခဲ့တဲ့ မေလ ၁၈ ရက် စစ်ကောင်စီ နဲ့ KIA ပူးပေါင်းအဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် လက်နက်ကြီးထိမှန်လို့ အရပ်သား ၁၅ ဦးခန့်သေဆုံးခဲ့သလို ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

June 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့...
June 27, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက...
June 25, 2024
ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ်...
June 24, 2024
ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာဖွင့်ထားတဲ့ စာသင်ကျောင်းကို TNLA လက်နက်ကိုင်တပ်ဖွဲ့က...