ရခိုင်ပြည်၊ စစ်တွေမြို့၊ဆတ်ရိုးကျရပ်ကွက်(ခေါ်) ဗျိုင်းဖြူရွာက ထောင်နှင့်ချီသည့်ရွာသူရွာသားများထဲမှ ယနေ့ဇွန်လ ၄ ရက်နောက်ဆုံးရရှိထားသော သတင်းများအရ သတ်ဖြတ်ခံရသူ (၇၆)ဦးထိရှိလာကြောင်း အာရက္ခတပ်တော် (AA)က ထုတ်ပြန်သည်။
မေလ ၂၉ ရက်နေ့မှ ၄ ရက်တာအတွင်း ရွာသား (၅၀)ကျော်သတ်ဖြတ်ခံရကြောင်း ကနဦး သိရှိရသော်လည်း ယနေ့ဇွန်လ ၄ ရက်နောက်ဆုံးရသတင်းများအရ သတ်ဖြတ်ခံရသူ (၇၆)ဦးထိ ရှိလာကြောင်း AA ထုတ်ပြန်ချက်ကဆိုသည်။
" ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများထဲမှ (၅၀) ကျော်အား ဖက်ဆစ် စစ်ကောင်စီနှင့်အတူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့၊ စစ်ကောင်စီ၏ အကြမ်းဖက်စစ် သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်၊ မေလ(၂၉) ရက်နေ့မှစတင်ပြီး လေးရက်အတွင်း သတ်ဖြတ်ခဲ့ ကြောင်း ကနဦး သိရှိခဲ့ရသော်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ (၇၆) ဦးထိ ရှိလာခဲ့ပြီဖြစ်သည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရက္ခတပ်တော် AA အနေဖြင့် ဗျိုင်းဖြူရွာဖြစ်စဥ်နှင့်ပတ်သက်သော နောက်ဆက်တွဲ အချက်အလက် များကို ဆက်လက်စုံစမ်းပြီး အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
" မေလ ၂၉ ရက်နေ့တွင် စစ်ကောင်စီ စစ်တွေ အခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ် အင်အားများ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ အကြမ်းဖက်သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များ အစရှိသော အင်အား (၁၇၀) ကျော် ပါဝင်သော စစ်ကြောင်း တစ်ကြောင်းသည် အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာအား ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ပြီး ၎င်းရွာအတွင်းရှိ ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား၊ အမျိုးသမီးမကျန် တရွာလုံးရှိ ရွာသူ ရွာသားများအားလုံးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် လက်ပြန်ကြိုးတုတ်ချည်နှောင်ကာ နေပူလှန်းထားခြင်း၊ အစာရေစာမပေးဘဲ ထားခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို တစ်ခုပြီးတစ်ခု ရက်စက်စွာပြုလုပ်ခဲ့သည်" ဟု ဇွန်လ ၂ ရက်နေ့က အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။
ထို့အပြင် ဖမ်းဆီးသူများထဲက အပြစ်မဲ့ အရပ်သားပြည်သူ (၅၀) ကျော်အား သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ဖျက်ခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်ခြင်း၊ ထောင်ချီသော ပြည်သူများအား ဓားစာခံများအဖြစ် ဆက်လက် ဖမ်းဆီးထားခြင်း၊ တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့အား အတင်းအဓမ္မလုယုခြင်း၊ လူနေအိမ်အချို့အား မီးရှို့ဖျက်ဆီးခြင်း အပါအဝင် ဖက်ဆစ်ဆန်ပြီး ယုတ်မာ အပြုအမူများကို တစ်ခုပြီး တစ်ခုပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှု အကြီးအစားတစ်ခုကို ထပ်မံကျူးလွန်ခဲ့သည်ဟုဆိုသည်။
ဗျိုင်းဖြူရွာအဖြစ်အပျက်သည် အာရက္ခပြည်သူတစ်ရပ်လုံးအတွက် သမိုင်းတွင် မည်သည်အခါမျှ မေ့ပျောက်၍ ရနိုင်လိမ့်မည်မဟုတ်သော ဖက်ဆစ်စစ်ကောင်စီ၏ ယုတ်မာသည့် လုပ်ရပ်တစ်ခုအဖြစ် ကျန်ရစ်နေမည်မှာ အသေအချာပင်ဖြစ်သည်ဟု ဆိုသည်။
ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်သူရန် ညွှန်ကြား အမိန့်ပေးစေခိုင်းသူများနှင့် ညွှန်ကြားချက်အား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သောသူများ အားလုံးကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ကြေညာထားသည်။