ကျိုက်ထိုတွင် စစ်မှုထမ်းဆောင်ရန် စစ်တပ်မှ ကိုယ်တိုင်ဆင့်ခေါ်နေ

ကျိုက်ထိုတွင် စစ်မှုထမ်းဆောင်ရန် စစ်တပ်မှ ကိုယ်တိုင်ဆင့်ခေါ်နေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်အချို့တွင် စစ်မှူးထမ်းဆောင်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့မှ ဆင့်ခေါ်စာနှင့်တကွ အိမ်တိုင်ရာရောက် ဆင့်ခေါ်နေသည်ဟု ကျိုက်ထိုမြို့ခံတို့ထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းကိစ္စဆောင်ရွက်သည့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှုးအဖွဲ့တို့သည် မကြာခဏသတ်ဖြတ်ခံနေရခြင်းကြောင့် ပြီးခဲ့သည့်မေလနောက်ဆုံးအပတ်မှ စ၍ စစ်ကောင်စီတပ်ဖွဲ့တို့မှ  ကိုယ်တိုင်လိုက်လံဆင့်ခေါ်နေသည်ဟု သိရသည်။

လာမည့် စစ်မှုထမ်းအပတ်စဉ် ၃ အတွက် သင်တန်းသားတို့ကို ဇွန်လအတွင်း စုဆောင်းရန် စစ်ကောင်စီကာကွယ်ရေးဝန်ကြီး တင်အောင်စန်းမှ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ညွှန်ကြားထားခြင်းကြောင့် ကျိုက်ထိုမြို့အတွင်းရှိ လူငယ်တို့ကို စတင်စုဆောင်းနေသည်ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ဆိုသည်။

“ မြောက်ပိုင်းရပ်ကွက်မှာ ၂၆ ရက်နေ့လောက်က စစ်ကားနှစ်စီးနဲ့ တစ်ရပ်ကွက်ကို လေးငါးယောက် စာလာပို့တယ်၊ ၆ ရပ်ကွက်ရှိတယ်ဆိုတော့ စာပို့ခံရသူတွေများမယ်၊

အရင်တုန်းကတော့မနီးစပ်လို့လား မသိဆင့်ခေါ်စာပို့တာက မကြားမိဘူး၊ စာပို့ခံထားရတဲ့လူတွေ နောက်နေ့ကျ ထွေးအုပ်ရုံးကို သွားခိုင်းတယ်၊ အချို့က ကျန်းမာရေးချို့တဲ့နေတယ်ဆိုပြီးတော့ ညှိနှိုင်းနေတာတွေ ရှိတယ်ပေါ့ " ကျိုက်ထိုမြို့ခံက ပြောသည်။

ပြီးခဲ့သည့် မေလနောက်ဆုံးပတ်အတွင်း ကျိုက်ထိုမြို့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ကံ့ကော်ရပ်ကွက်တို့အပြင် ကျန်ရှိသည့် ၃ ရပ်ကွက်တို့ကိုလည်း ဆင့်ခေါ်စာပို့ဆောင်ထားသည်ဟုလည်း ဆိုသည်။

၎င်းအပြင် ကျိုက်ထိုမြို့ပေါ်တွင် ပြီးခဲ့သည့် အပတ်စဉ် ၂ သင်တန်းအတွက် စစ်မှူးထမ်းဆောင်ရန် လူငယ်တို့ကို လာရောက် ခေါ်ယူခဲ့သော်လည်း မည်သည့်စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားသည်ကို မသိရကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်တို့တွင် ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ သတင်းပေးတို့ကို ကျိုက်ထို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကို ရှင်းလင်းပြစ်ခတ်နေသော်လည်း စစ်မှုထမ်းကိစ္စဆောင်ရွက်သူတို့ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

“ ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ယောက်မှအဲ့ကိစ္စမလုပ်ရဲဘူး နှုတ်ထွက်စာတင်ထားကြတယ်၊ ဒါပေမဲ့ သန်းခေါင်စာရင်အရတော့  ၃၅ နှစ်အောက်ဆို လာခေါ်တာပဲ၊ ကိုယ့်သားအလှည့်

ဘယ်တော့ရောက်မလဲဆိုတာ မိဘတွေက တွေးပူနေရတယ်၊ ထိုင်းပို့/ နိုင်ငံခြားပို့ဖို့ကမလွယ်ဘူး။ ကုန်ကျစရိတ်တွေကလည်းနည်းတာ မဟုတ်ဘူး"ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

စစ်မှုထမ်းရန် ရွေးချယ်ခံရပြီး  ငွေကြေးဖြင့် မညှိနှိုင်းနိုင်သူတို့သည် ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့တွင် ကျန်းမာရေးချို့တဲ့သည့် အကြောင်းပြချက်ဖြင့်သာ ညှိနှိုင်းနေကြရသည်ဟု သိရသည်။

ဗမာရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ၏ အစီရင်ခံစာအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းဉပဒေအပတ်စဉ်(၁) အတွက် လူငယ် ၂၀၀ ကျော် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအပတ်စဉ်(၂)တွင်လည်း လူငယ်ဦးရေ ၂၀၀ ကျော် ပို့ဆောင်ထားကြောင်း သိရသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့်...
October 3, 2024
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် စစ်ကောင်စီက လုံခြုံရေးအင်အားဖြင့် လူဦးရေနှင့်...
October 1, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်း‌ကောက်ယူရာတွင် ပါဝင်ကူညီသူများကို...
September 30, 2024
မွန်ပြည်နယ် ရေးမြို့  အောင်မေတ္တာရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF...