ဒေါနအရှေ့ခြမ်းရှိ စစ်ရှောင်များအကြား ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ

ဒေါနအရှေ့ခြမ်းရှိ စစ်ရှောင်များအကြား ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ

မြဝတီမြို့တောင်ဘက်ပိုင်းရှိ ပလောတပို စစ်ရှောင်စခန်းတွင် နွေရာသီအချိန် ရေများခမ်းခြောက်ကာ သန့်ရှင်း သည့်သောက်သုံးရေများ မရရှိကြသည့်အတွက် ယခုရက်ပိုင်းအတွင်း စစ်ရှောင်အကြားတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များ လျက်ရှိသည်ဟု သိရသည်။

သောင်းရင်းမြစ်ဘေးတွင် နေထိုင်သည့်စစ်ရှောင်များသည် မြစ်ရေကိုသာ အားထားအသုံးပြုရသလို မြစ်၏ အထက် ပိုင်းဘက်တွင် ကျွဲ၊ နွားခြံနှင့် တရုတ်လောင်းကစားစီမံကိန်းအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိသောကြောင့် ရေညစ်ညမ်းမှုဖြစ်ပွားကာ စစ်ရှောင်များသောက်ရေသန့်မရရှိသောကြောင့် ယခုလို ဝမ်းပျက်ဝမ်းလျှော ရောဂါ အဖြစ်များရခြင်းဖြစ်ကြောင်း စစ်ရှောင်ကျန်းမာရေးအတွက် ကူညီဆောင်ရွက်သူများက ပြောသည်။

စစ်ရှောင်ကျန်းမာရေးအတွက် တာဝန်ယူပေးနေသူတစ်ဦးက “နွားခြံ၊ ပြီးတော့ကျောက်ခက် တရုတ်ဆိုက် တွေက ရေဆိုးတွေကလည်း မြစ်ထဲမှာပေးကျတော့ အောက်မှာရှိတဲ့ စစ်ရှောင်တွေက အဲဒီရေတွေကိုပဲ ပြန်သုံးတော့ ဝမ်းပျက်ဝမ်းလျှောတွေဖြစ်တယ်။ အဲဒီရေတွေကလည်း ဓာတုတွေပါတာလားမသိဘူး။ ဆေးခန်းမှာ တစ်ရက် တစ်ရက်ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ လာပြတဲ့စစ်ရှောင်တွေက အယောက် ၄၀ လောက်ရှိတယ်။ တချို့က ပျောက် လိုက်ပြီးတော့ အဲဒီရေကိုပဲ ပြန်ထပ်သုံးတော့ ပြန်ဖြစ်လာတယ်။ သောက်သုံးရေသုံးရရှိဖို့အတွက် ကာကွယ်ဖို့ တစ်ခုခုလုပ်မှရ မယ်ထင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက်ဆုံးရှုံးသည်အထိမရှိသော်လည်း တချို့မှာ ရောဂါပြင်းထန်သည့်အတွက် ထိုင်းနိုင်ငံ တစ်ဖက်ခြမ်း၊ မဲဆောက်ဆေးရုံးကြီးသို့ အရေးပေါ် ပို့ဆောင်ပေးရသူများလည်းရှိကြောင်း အဆိုပါ စစ်ရှောင်ကျန်းမာရေးအတွက် တာဝန်ယူပေးသူက ဆက်ပြောသည်။

ထို့အပြင် ယခုစစ်ရှောင်များနေထိုင်သည့် သောင်ရင်းမြစ်ကမ်းဘေးရှိ ပလောတပိုနေရာအတွင် အရိပ်ရရှိသည့် အပင်များမရှိသည့်အတွက် ရာသီဥတုပူပြင်းလွန်း၍ ကိုယ်ပူဖျားနာသူများရှိသလို ခွေး၊ ကြက်၊ ဝက် စသည့် အိမ်မွေးတိရစ္ဆာန်အချို့လည်း အသက်သေဆုံးသည့်အထိရှိနေကြောင်းလည်း သိရှိရသည်။

“စစ်ရှောင်နေရာမှာက ရောဂါတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ပြီးတာ့ ခွေးတွေ၊ ကြက်၊ ဝက်တွေသေတယ်။ လူတွေ ကလည်း ကိုယ်ပူအဖျားတက်ပြီးတော့ ကိုယ်ခံအားကျနေမကောင်းဖြစ်လာတာလည်း များလာတယ်။ ” ဟု အထက်ပါ စစ်ရှောင်ကျန်းမာရေးတာဝန်ခံက ပြောသည်။

အိမ်ခြေ ၃၀၀ ကျော်နှင့် လူဦးရေတစ်ထောင်ကျော်နေထိုင်သည့် ပလောတပို စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက စစ်ရှောင်အိမ်ထောင်စု ၅၀ ခန့် ထပ်မံရောက်ရှိလာသည့်အတွက် နေရာထိုင်ခင်းအလုံအ လောက်မရှိ၍ မြေကြီးပေါ်တွင်သာ အဆင်ပြေသလို နေရာချပေးထားရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ထို့အတူ ပလောတပိုစစ်ရှောင်စခန်း တောင်ဘက်ပိုင်းရှိ သေဘောဘိုးကျေးရွာအနီး သောင်ရင်းမြစ်ကမ်းဘေးတွင် ခိုလှုံနေကြသော စစ်ရှောင်များလည်း သောက်သုံးရေအခက်အခဲရှိကာ ကလေးငယ်အချို့လည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...