ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာကနေ ဒိန်ဂျာယန် ( Dinga Yang) ဘက်ကို စစ်ဘေးရှောင်နေတဲ့ပြည်သူတစ်ချို့ စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်ပြီး အခက်အခဲကြုံတွေ့နေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။
ဝိုင်းမော်- ချီဖွေ- ဆဒုံးသွားလမ်းမပေါ်မှာရှိတဲ့ ဝူယန်ကျေးရွာတစ်လျှောက်ပြည်သူတွေဟာ ဒီနှစ်ဇန်နဝါရီလကတည်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာမှုအရှိန်ပိုမြင့်တက်လာနေတာကြောင့် ဒေသခံပြည်သူတွေဟာ နေရပ်ပြန်ဖို့ခက်ခဲနေသေးတာဖြစ်ပါတယ်။
စစ်ရှောင်ပြည်သူတွေအနေနဲ့ နေရပ်ပြန်လို့မရသေးတဲ့အပြင် မိုးတွင်းကာလရောက်ရှိလာတဲ့အတွက် နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ စားနပ်ရိက္ခာပြတ်လပ်တာတွေလည်း ကြုံတွေ့နေကြရပြီဖြစ်တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။
“ ဘာမှမယူလာနိုင်ဘူး ဆန်နဲ့ ပိုက်ဆံနည်းနည်းဘဲ ပါလာတာ သုံးလလောက်ရှိလာပြီးဆိုတော့ ပါလာတဲ့ဟာ ကုန်ရင် ဘာစားရမှန်းတောင်မသိတော့ဘူး ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်”လို့ ဆိုပါတယ်။
ဝူယန်ကျေးရွာဟာ ပြည်သူ့စစ်အဖွဲ့ ဂိတ်အထိုင်ချထားတဲ့ရွာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေက မကြာခဏ လာရောက်ပစ်ခတ်တာတွေရှိနေတဲ့အပြင် ပြည်သူ့စစ်ဂိတ်ပစ်ခံရတိုင်း ဝိုင်းမော် ခလ၇ ၅၈ တပ်ကနေလည်း ရွာဘက်ကိုလက်နက်ကြီးပစ်ကူတာတွေကြောင့် လူနေအိမ်ထိခိုက်ပျက်စီးတာ၊ အရပ်သားပြည်သူ လက်နက်ကြီးထိမှန်တာတွေကြုံတွေ့နေကြရပါတယ်။
ဒါကြောင့် ကျေးရွာနေပြည်သူတွေဟာ ဒိီနှစ် နှစ်ဆန်းပိုင်းကနေ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ မြစ်ကြီးနား၊ဝိုင်းမော်ဘက်ကို အိမ်ငှားနေထိုင်ကြတာရှိသလို နီးစပ်ရာဆွေမျိုးတွေဆီမှာ သွားရောက်နေထိုင်သူတွေရှိနေပါတယ်။
ဒါပေမယ့် ငွေကြေးမတတ်နိုင်တဲ့ပြည်သူတွေတစ်ချို့က ဝါးရှောင်ကျေးရွာကနေ ၂ နာရီအကြာဆိုင်ကယ်စီးပြီးသွားရတဲ့ ဒိန်ဂျန်ယန်ရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။
လက်ရှိ ဒိန်ဂျာယန်ကျေးရွာက အိမ်ခြံဝန်းတစ်ခုတည်းမှာဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ အိမ်ခြေ ၂၀ ကျော် လူဦးရေ ကလေး ၃၇ ဦးအပေါအဝင် အားလုံးစုစုပေါင်း ၁၀၀ ဦးဝန်းကျင် မိုးကာတဲဆောက်ပြီးနေနေကြတယ်လို့ သိရပါတယ်။
စစ်ရှောင်ကာလ ၃ လဝန်းကျင်ကြာမြင့်လာတဲ့အပြင် အလှူရှင်တွေမရှိဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့နေထိုင်နေကြတာဖြစ်ပြီး လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ လိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။
“လာတဲ့ချိန် တဲကတော့ ကိုယ်တဲကိုဆောက်ကြတာပေါ့ အားလုံးပေါင်းပြီး လုံခြုံလားဆိုတော့ မလုံခြုံဘူးပေါ့ မိုးကာကအစပေါ့ မိုးတွင်းဆို ပိုဆိုးလာတယ်။ ပြီးတော့ ဒီမှာ တစ်ယောက်ဖျားပြီဆို အကုန်ဖျားပြီးဘဲ ဆက်တိုက်ဖျားပြီ”လို့ ဆိုပါတယ်။
လတ်တလော ဝူယန်ကျေးရွာပြည်သူ့စစ်ဂိတ်မှာ ပြည်သူ့စစ်အဖွဲ့က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ဝူယန်ကျေးရွာ အ.လ.က ကျောင်းမှာလည်း စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့တပ်စွဲနေထိုင်နေတယ်လို့လည်း သိရပါတယ်။
အလားတူဘဲ KIA ပူးပေါင်းတပ်တွေဘက်က ဝူယန်ကျေးရွာအထက်ဘက် လမြန်နဲ့နမ့်ဝါ၊ မုတ်ကျိတ်ရွာ လမ်းမကြီးတစ်လျှောက်မှာရှိနေကြတာကြောင့် လက်နက်ကိုင်နှစ်ဖွဲ့အကြား ပြည်သူတွေ သွားလာဖိုခက်ခဲနေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း ကလေးတွေကျောင်းတက်ရမဲ့ အချိန်တွေရောက်လာပေမယ့် စစ်ရေးအခြေနေကြောင့် နေရပ်ပြန်လို့မရသေးတဲ့ စစ်ရှောင်ပြည်သူတွေဟာ သား၊သမီးတွေရဲ့ ပညာရေးလည်းပူပန်နေကြရတယ်လို့ ဆိုပါတယ်။
“ ကျွန်မတို့ တောင်းဆိုချင်တာက ဒီကကျောင်းတက်တဲ့ သူတွေက ကျွန်မ ရဲ့ သားသမီးတွေတင်မကဘဲ တခြားကလေးတွေရော အများကြီးဆိုတော့ သူတို့ကို ဘယ်လိုကျောင်းပြန်ထားပေးနိုင်ဖို့ ကူညီပေးဖို့ပေါ့ မိုးရာသီဆိုတော့ အစားအသောက်,ကျန်းမာရေးကအစ တော်တော်အခက်အခဲ ဖြစ်လာမယ့်လို့ မြင်တယ်”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဝူယန်ဒေသခံတွေဟာ စစ်ရေးအခြေနေအရ တိမ်းရှောင်နေကြရတဲ့အပြင် စာသင်ကျောင်းလည်းပိတ်ထားဆဲဖြစ်ပါတယ်။
ဒါကြောင့် ကလေးတွေရဲ့ပညာရေးအတွက် စိုးရိမ်နေပြီး တာဝန်ရှိလူကြီးတွေအနေနဲ့ ကူညီပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။
လက်ရှိ KIA/KPDFတွေနဲ့ ဝူယန်ပြည်သူ့စစ်တွေ စစ်ရေး တင်းမာနေတာဖြစ်ပြီး ခလရ(၅၈)တပ်ရင်းဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းတန်း ပစ်ခတ်မှုတွေကြောင့် ဝူယန်ဒေသခံပြည်သူတစ်ချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတာဘဲ ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ် အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရှိတဲ့ ခကွမ်ရွာ၊ဝူယန်၊လဘန်၊လမြန်၊နမ့်ဝါ၊မုတ်ကျိတ်၊ဝါးရှောင် စတဲ့ကျေးရွာတွေဟာ ဝိုင်းမော်- ချီဖွေ- ဆဒုံးသွားတဲ့ ကားလမ်းမကြီးရဲ့ဘေးဝဲယာမှာ တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပြီး ရွာအားလုံးဟာ ရွာချင်းဆက်ထားတာဖြစ်ပါတယ်။