မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းမဟုတ်ဘဲ သတင်းစီးဆင်းမှု စနစ်ကျမှန်ကန်ရန် စည်းကမ်းချက်များထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU ပြော

မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်းမဟုတ်ဘဲ သတင်းစီးဆင်းမှု စနစ်ကျမှန်ကန်ရန် စည်းကမ်းချက်များထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU ပြော

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူအနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပိတ်ပင်ခြင်း မဟုတ် ဘဲ သတင်းစီးဆင်းမှု စနစ်ကျရန်နှင့်မှန်ကန်ရန် ရည်ရွယ်၍ ထိန်းချုပ်နယ်မြေများအတွင်း သတင်း ရယူခြင်းဆိုင်ရာ စည်းကမ်းချက်များအား ထုတ်ပြန်ရခြင်းဖြစ်ကြောင်း အဖွဲ့အစည်းပြောခွင့်ရ ပဒိုစော ကလယ်စေးက ပြောသည်။

ဧပြီလ(၂၁)ရက်နေ့က KNU ၏ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာ ပေါ်လစီနှင့်ကျင့်ဝတ်စည်းကမ်းများအား ထုတ်ပြန်လာသည်နှင့်ပတ်သက်၍ ပြည်တွင်းမီဒီယာများနှင့်သတင်းထောက်များအကြား ဝေဖန်မှုရှိနေ သည်တွင် KNU က ထိုကဲ့သို့ တုန့်ပြန်ပြောဆိုထားခြင်းဖြစ်သည်။

KNU ၏ ထုတ်ပြန်ချက်သည် ပြင်ပမီဒီယာများအနေဖြင့် မိမိတို့ထိန်းချုပ်နယ်မြေများအတွင်း သတင်း လာရောက်ရယူရာတွင် သတင်းစီးဆင်းမှုပိုမို စနစ်ကျစေရန်နှင့် သတင်းဌာနများမှတဆင့် ပြည်သူလူ ထုထံသို့ သတင်းစကားများ ပို့ဆောင်ရာတွင် ပို၍နားလည်လွယ်ရန်၊ အားကောင်းရန် ရည်ရွယ်ခြင်း သာဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်ကို တားမြစ်ပိတ်ပင်ခြင်းမဟုတ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

“မီဒီယာလွတ်လပ်ခွင့်ကို အပြည့်အဝကျနော်တို့လက်ခံထားပါတယ်။ သတင်းကိုထိန်းချုပ် လိုစိတ်တွေဘာတွေ ကျနော်တို့ဆီမှာမရှိပါဘူး။ မှန်ကန်တဲ့သတင်းစီးဆင်းမှု မှန်ကန်တဲ့မက် ဆေ့ချ်တွေကို လူထုဆီချပြဖို့ ကျနော်တို့ကိုတမျိုးမြင်ရင်လည်းပဲ နားလည်ပါတယ်။ ကျနော်တို့ သတင်းမီဒီယာလွတ်လပ်ခွင့်ပိတ်ပင်တာမဟုတ်သလို ခုနကပြောသလိုပဲ မှန်ကန်တဲ့မက်ဆေ့ချ်တွေကို ပြည်သူတွေဆီချပြဖို့ ဆိုတာ စနစ်ကျနဖို့လိုတယ်ဆိုတာကို ပြောချင်ပါတယ်။” ဟု KNU ပြောခွင့်ရက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် KNU ၏ ထုတ်ပြန်ချက်အရ ပြင်ပသတင်းမီဒီယာဆိုသည်မှာ နိုင်ငံတကာမှဝင်ရောက်လာသော မီဒီယာများကို အဓိကအားဖြင့် ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့်လည်း KNU ထိန်းချုပ်နယ်မြေအတွင်း သတင်းဝင်ရောက်ယူရာတွင် KNU ထံ စနစ်တကျခွင့်တောင်းခြင်းလုပ်ဆောင်မှသာ လုံခြုံရေးအရ အကူအညီပေးနိုင်မည်ဖြစ်ကြောင်း ပဒိုစောကလယ်စေးက ဖြည့်စွက်ပြောဆိုသည်။

KNU ၏ အဆိုပါထုတ်ပြန်ချက်အပြင် ပြီးခဲ့သည့် ဧပြီလ(၁၆)ရက်နေ့က ထုတ်ပြန်သည့် ကရင်နီ ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC ၏ ပြည်တွင်းပြည်ပမီဒီယာများ လိုက်နာရန်ဟူသော ထုတ်ပြန်ချက်ကိုလည်း သတင်းသမားများလုံခြုံစွာအကာအကွယ်ရရေးနှင့် သတင်းလွတ် လပ်ခွင့်မြှင့်တင်ရေး ကြိုးပမ်းမှုဖြင့်ဖွဲ့စည်းထားသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာ IPCM အပါအဝင် သတင်းမီဒီယာအသိုင်းအဝိုင်းမှ စိုးရိမ်ဝေဖန်နေကြခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခု၏ မီဒီယာဆိုင်ရာစည်းကမ်းချက်အချို့အပေါ် IPCM အနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့များနှင့်အလွတ်သဘော ဆွေးနွေးခဲ့သလို လွတ်လပ်သော မီဒီယာ လုပ်ငန်း၏ကျင့်ဝတ်စံနှုန်းနှင့် သတင်းရယူခွင့်ဆိုင်ရာအခန်းကဏ္ဍများအား ရှင်းလင်းတင်ပြနိုင် ရေး ဆက်လက်တွေ့ဆုံနိုင်ရန် အစီအစဥ်ရှိကြောင်း ထုတ်ပြန်ချက်မှတဆင့် အသိပေးထားသည်။

Most read this week

May 17, 2024
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ကို နယ်ခြားစာင့်တပ်-BGF တပ်က...
May 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင်...
May 16, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...