စစ်ကောင်စီလေယာဉ်တစ်စီးမှာ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ ဧပြီ ၇ ရက် ည ၈ နာရီခွဲက ဆိုက်ရောက်ပြီး မြဝတီမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လာခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
၎င်းလေယာဉ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ATR 72-600 လေယာဉ်ဖြစ်ပြီး ရန်ကုန်မြို့မှတဆင့် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာခဲ့သည်ဟု ထိုင်းမီဒီယာလူမှုကွန်ရက်များ၏ ကနဦးရေးသားဖော်ပြချက်အရ သိရှိရသည်။
“ မြန်စစ်လေယာဉ်ဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ ပိတ်မိကျန်နေခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မဲဆောက်လေယာဉ်ကွင်း လာကြိုပြီး ယူဆောင်သွားခဲ့သည်” ဟု ရေးသားထားသည်။
၎င်းပိတ်မိကျန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်နိုင်ရန်အတွက် ဧပြီလ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာတင်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်ရှိ သင်္ဃန်းညီနောင်မှ စကခ ၁၂ လက်အောက်ခံ ခမရ(၃၅၅၊ ၃၅၆၊ ၃၅၇)တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက အပြီးတိုင်သိမ်းပိုက်လိုက်ပြီး ယမန်နေ့ ဧပြီလ ၆ ရက်နေ့တွင် နောက်ဆုံးကျန်နေသည့် ၂၇၅ တပ်ရင်းကလည်း အလံဖြူထောင်လက်နက်ချခဲ့သည်။
ယင်းနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံမဲဆောက်မြို့မှတဆင့် ပြန်လည် ကယ်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း ခိုင်မာသည့် စစ်ရေးအရင်းအမြစ်များမှ သိရသည်။
နောက်ဆုံးရရှိသော သတင်းအရ ပထဆုံးအသုတ်အနေဖြင့် မဲဆောက်လေဆိပ်ကတဆင့် ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့် အပါအဝင် အရာရှိ၂၀ နှင့် မိသားစုဝင် ၂၀ ၊ စုစုပေါင်း ၄၀ ဦးလိုက်ပါသွားကြောင်း သိရှိရပါသည်။