၂၀၂၄ ခုနစ် မတ်လ ၁ရက်မှ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ရခိုင်အရပ်သား ၂၁ ဦး သေဆုံး

၂၀၂၄ ခုနစ် မတ်လ ၁ရက်မှ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ရခိုင်အရပ်သား ၂၁ ဦး သေဆုံး

(စစ်ကောင်စီလက်ချက်ဖြင့် ရခိုင်တွင် အရပ်သားသေဆုံးရသူအရေအတွက် တစ်ရက် တစ်ဦးနှုန်းထက် ပိုများနေ)

၂၀၂၄ ခုနှစ် မတ်လ ၁ ရက်မှ  ၁၅ ရက်အတွင်း ရခိုင်ပြည်ရှိ လူနေရပ်ကွက်၊ ကျေးရွာများအတွင်းသို့ စစ်ကောင်စီမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးမျာဖြင့် တမင်ရည်ရွယ် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အရပ်သားပြည်သူ  ၂၁ ဦး အထိ သေဆုံးခဲ့ရကြောင်း နိရဉ္စရာသတင်းဌာနမှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

သေဆုံးသူများမှာ မင်းပြားမြို့နယ်တွင် ၈ ဦး၊ စစ်တွေမြို့နယ်တွင် ၅ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၅ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၁ ဦး၊ မြောက်ဦးမြို့နယ်တွင် ၁ ဦးနှင့် ရမ်းဗြဲမြို့နယ်တွင် ၁ ဦးတို့ ဖြစ်ကြသည်။

(မင်းပြားမြို့နယ်တွင် သေဆုံးရသူ ၈ ဦး)

မတ် ၁၂ ရက်နေ့ နံနက် ၁၁နာရီခန့်က မင်းပြားမြို၊ ဈေးဟောင်းပိုင်းရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခဲ့သဖြင့်  အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးခဲ့ရသည်။

မတ်လ ၉ ရက်နေ့ကလည်း မင်းပြားမြို့တွင် စစ်ကောင်စီ၏ ရေတပ်နေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မွတ်ဆလင်အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်းသိရသည်။

မတ်လ ၃ ရက်နေ့ကလည်း တိုင်းဗဟို ၉ မှ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်ကောင်စီတပ်သားများ   ရခိုင်သား ၃ ယောက်နှင့် ချင်း ၁ ယောက်တို့ကိုလည်း မင်းပြားမြို့နယ် မင်တုန်ချောင်း၀တွင် သတ်ဖြတ်ပစ်ခဲ့သည်ဟု မင်းပြားမြို့နယ်၊ မင်းကုလားအုပ်စု၊ တောင်ပေါက်ကျေးရွာ က ဦးမောင်လှဝင်းက ရုပ်သံဖိုင်မှ တစ်ဆင့် ပြောကြားထားသည်။

(ပုဏ္ဏားကျွန်းမြို့နယ်တွင် ၅ ဦး)

မတ် ၁၄ ရက်နေ့ နံနက် ၁၁နာရီခန့်က စစ်တွေဖက်မှ ပုဏ္ဏားကျွန်းမြို့သို့ ကုလားတန် မြစ်ကြောင်း အတိုင်း တက်လာသည့် နေဗီတစ်စီးပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အမျိုးသား ၃ ဦး သေဆုံးသွားခဲ့ကြောင်းသိရသည်။

မတ် ၈ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာတွင် စစ်ကောင်စီ၏ ပါဒလိတ်တပ်ရင်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှု ကြောင့်  အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရသည်။

(စစ်တွေမြို့ သေဆုံးသူ ၅ ဦး)

မတ်လ ၉ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီရဲတပ်ရင်းအတွင်းရှိ အမြောက်တပ်မှ ရည်ရွယ်ချက် ရှိရှိဖြင့် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တစ်လုံးသည်  စစ်တွေမြို့ပေါ် ရှိ အင်ပါလာ မွတ်ဆလင်ရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး မွတ်ဆလင် ၅ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

(ကျောက်ဖြူ သေဆုံးသူ ၁ ဦး)

မတ် ၁၅ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ၊ စနဲမြို့၊ ပြုံးပြည့်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက ဗုံးကြဲ၍ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးသေဆုံး သွားကြောင်း သိရသည်။

(ရမ်းဗြဲမြို့နယ်တွင် သေဆုံးသူ ၁ ဦး)

 ရမ်းဗြဲမြို့နယ်တွင် စစ်ကောင်စီ၏ စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ်လ ၁၂ရက်၊ ညဥ့် ၁၁နာရီခန့်အချိန်တွင် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

(မြောက်ဦးတွင် သေဆုံးသူ ၁ ဦး)

မြောက်ဦးမြို့ကို  မတ် ၁၅ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က Y-12 ဖြင့် ဗုံး ၅ လုံး ပစ်ချခဲ့ရာ အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး သွားကြောင်း သိရသည်။

တကျော့ပြန်စစ်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့အတွင်း ရခိုင်ပြည် မင်းပြားမြို့နယ်က အပြစ်မဲ့ပြည်သူ ၃၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ၏ လူသားချင်း စာနာထောက်ပံ့ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က မတ်လ ၁၃ ရက်နေ့ နံနက်တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၉  ရက်နေ့၊ နံနက် (၈) နာရီ (၁၀) မိနစ်ခန့်အချိန်ကလည်း  စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ လက်နက်ကြီးကျည် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ အပြစ်မဲ့အရပ်သား အနည်းဆုံး ၂၁ ဦး သေဆုံးပြီး  ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း UNOCHA Myanmar က မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ စတင်ခဲ့သည့် ရခိုင်ပြည် တကျော့ပြန်တိုက်ပွဲများကြောင့် အရပ်သား ပြည်သူ ၁၇၀ ကျော်သေဆုံးရပြီး ၄၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိကြသည်ဟု UNOCHA မှ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားသော လူသားချင်းစာနာမှုဆိုင်ရာသတင်းလွှာအရ သိရသည်။

(ဤစာရင်းမှာ နိရဉ္စရာက ကောက်ယူထားသော စာရင်းဖြစ်ပါသည်။ ဤအရေအတွက်ထက်လည်း ပိုများကောင်း ပိုများနိုင်ပါသဖြင့် ထပ်မံ သေဆုံးသူများစာရင်း ရရှိပါ နိရဉ္စရာသတင်းဌာနသို့ ယခု အီးမေးလ် [email protected]  သို့ ပေးပို့နိုင်ပါသည်။)

Photo by Ed Nash’s Military Matters

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...