တောင်ကုတ်တွင် ‌စနစ်သစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ ၈၀၀ ကျော်အထိရှိ

တောင်ကုတ်တွင် ‌စနစ်သစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ ၈၀၀ ကျော်အထိရှိ

ရခိုင်ပြည်၊တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ပေါ် စာစစ်ဌာနများတွင် ယနေ့စတင်သည့် တက္ကသိုလ်ဝင် စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၈၀၀ ကျော် အထိရှိကြောင်းသတင်းရရှိသည်။

တောင်ကုတ်မြို့တွင် ၁၂ တန်း စနစ်သစ် တက္ကသိုလ်ဝင် စာမေးပွဲကို  မြို့ပေါ် ကျောင်း (၄) ကျောင်းတွင် ယနေ့ မတ် ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိကျင်းပစစ်ဆေးခဲ့သည်ဟု တောင်ကုတ်မြို့ခံတစ်ဦးက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

“ ဒီနေ့ကနေ စာမေးပွဲဖြေနေကြပါတယ်။  မြို့ပေါ်ကျောင်း ၄ ကျောင်းပေါင်း ကျောင်းသား/ကျောင်းသူဆိုရင် ၈၅၀ ကျော်လောက်ရှိတယ်ပေါ့နော်။ နယ်ကလူတွေပါ ပေါင်းထားတာပါ။ လမ်းတွေပိတ်ထားပေမယ့် အစိုးရလမ်းကြောင်းနဲ့ စာမေးပွဲ လာဖြေကြတာ “ ဟုပြောသည်။

ယင်းအပြင် နယ်မှ လာဖြေသည့် ကျောင်းသူ/ကျောင်းသားများနှင့်မိဘများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှ  စာမေးပွဲဖြေဆိုမည့် ( ၉) ရက်တာကာလအတွင်း နေထိုင်ရေးနှင့်  စားသောက်စရိတ်ကို စီမံပေးသဖြင့် အဆင်ပြေကြသည်ဟု ကျောင်းသားမိဘ တစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“နယ်ဖက်ကလာတဲ့ကလေးတွေက အုပ်ထိန်းသူနဲ့ စာရင်းအတိအကျနဲ့ လာရတယ်။ ဒီရောက်ရင် စာရင်းပြန်စစ်တယ်။ ထွေအုပ်က နေဖို့နေရာနဲ့ စားစရိတ်စီမံပေးတယ်။‌ အဲ့တာကြောင့် နည်းနည်းအဆင်ပြေတာပေ့ါနော်။ သားသမီးတွေကို ပညာရေးမှာအထစ်အငေါ့မဖြစ်စေချင်ပါဘူး” ဟုပြောသည်။

ယခုနှစ်တောင်ကုတ်မြို့တွင် စနစ်ဖြေဆိုသည့်သူများမှာ မအီ၊ လမူး၊ ဆားပြင်၊ ကင်းတောင်၊ ပန်းတင်၊ ပန်းထော်ရွာများ ဖက်မှ  ကျောင်းသူ/ကျောင်းသားများ လည်း လာရောက်ဖြေဆိုခဲ့ကြောင်း ပညာ‌ရေးအသိုင်းအဝိုင်းထံမှသိရသည်။

တောင်ကုတ်မြို့နယ် လမူးနှင့် မအီမြို့နယ်မှ လာဖြေသူများမှာစစ်ကောင်စီမှ လမူး-မအီ တံတားကိုချိုးဖျက်ထားသည့် အတွက်  လုံခြုံရေးအခြေအနေအရ မေးခွန်းများပေးပို့နိုင်ခြင်းမရှိသည့်အတွက် တောင်ကုတ်သို့ လာရောက်ဖြေဆိုကြခြင်းဖြစ်ကြောင်း ကျောင်းသားမိဘများကပြောသည်။

အဆိုပါ စနစ်သစ်စာမေးပွဲကို အထက(၂) မြို့မ၊ အထက (၁)၊ အထက (၃)၊အထက (၄) တို့တွင် ကျင်းပလျက်ရှိကြောင်းသိရသည်။

ယခင်နှစ်များက မြို့ပေါ်စာစစ်ဌာနနှင့် နယ်စာစစ်ဌာန သက်သက်ခွဲဖြေလေ့ရှိပြီး ယခု ၂၀၂၄ တိုက်ပွဲများကြောင့် မြို့ပေါ်စာစစ်ဌာနနှင့် နယ်စာစစ်ဌာန ပေါင်းဖြေကြသည်ဟုမြို့ခံများကပြောသည်။

မတ်လ ၁၁ ရက်နေ့တွင် မြန်မာစာဘာသာရပ်၊ ၁၂ ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်၊ ၁၃ရက်နေ့တွင် သင်္ချာ ဘာသာရပ်၊ ၁၄ ရက်နေ့တွင် ဓာတုဗေဒ/ပထဝီ၊ ၁၅ ရက်နေ့တွင် ရူပဗေဒ/သမိုင်း၊ ၁၆ ရက်နေ့တွင် ဇီဝဗေဒ/ဘောဂဗေဒ၊  ၁၈ ရက်နေ့တွင် လူမှုရေး သိပ္ပံ၊ ၁၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာ စသည့် ဘာသာရပ်များကို တစ်နိုင်ငံလုံးစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တွင် ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်စဉ် စာစစ်ဌာန ၁၂၀ ကျော်ခန့်တွင် ယခင်က ကျင်းပ စစ်ဆေးလေ့ရှိသော်လည်း ယခုနှစ် ၂၀၂၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စာစစ်ဌာန ၆၉ ခုတွင်သာ ကျင်းပစစ်ဆေးနိုင်ကြောင်း သိရသည်။

ရခိုင်ပြည် မြောက်ဘက်ပိုင်းတွင်ဆိုလျှင် စစ်တွေမြို့ တစ်မြို့တွင်သာ စာမေးပွဲစစ်ဆေးလျှက်ရှိပြီး တောင်ဘက်ပိုင်းမှ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့တို့တွင် စာမေးပွဲကျင်းပစစ်ဆေးလျက်ရှိကြောင်းသိရသည်။

Most read this week

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...