စီခမ်းကြီးဗျူဟာမြောက်အထိုင်စခန်းကို KIA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်

စီခမ်းကြီးဗျူဟာမြောက်အထိုင်စခန်းကို KIA နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးရွာက နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိတဲ့ စစ်တပ်ရဲ့ဗျူဟာမြောက် အထိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ရက္ခိုင့်တပ်တော် AA၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ရရှိလိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်။

အဲဒီစီခမ်းကြီးစခန်းကို KIA ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ၃ ရက်အကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်ကလည်း စခန်းလက်မလွတ်ရေး လေကြောင်းနဲ့အပြင်းထန်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် အောင်မြင်စွာသိမ်းပိုက်ရရှိလိုက်ပြီလို့ သိရပါတယ်။

“စခန်းသိမ်းလိုက်တာတော့ သေချာတယ် အသေးစိတ်ကတော့ ပြောရခက်သေးတယ်ဗျ” လို့ KPDF တစ်ဦးက ပြောပါတယ်။

စခန်းကိုအပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် လက်ရှိ KIA နဲ့ပူးပေါင်းတပ်တွေဘက်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေသေးတာကြောင့် သတင်းချက်လက်အသေးစိတ်ကို ထုတ်ပြန်လို့ မရသေးသလို စစ်တပ်ဘက်က ဒီကနေ့မနက်ထိ ဂျက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိနေ သေးတယ်လို့လည်း သိရပါတယ်။

စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာထဲမှာရှိတဲ့ ဘာသာရေးအဆောက်အဦနဲ့ စာသင်ကျောင်းအပြင် အရပ်သားနေအိမ်တွေလည်း အမြောက်အများထိခိုက်ပျက်စီးသွားပြီဖြစ်တယ်လို့လည်း သိရပြီး ဒေသခံ တစ်ထောင်ဝန်းကျင်ကလည်း ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

“ ဒီမနက်ထိလာပစ်တာတွေရှိသေးတယ်လို့ သိရတယ် ကျနော်တို့ကတော တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ထွက်လာနိုင်ခဲ့တာ အိမ်တွေလည်းရစရာကိုမရှိတော့ဘူးတဲ့” လို့ မံစီမြို့ထဲရောက်နေတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်စဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဟာ စီခမ်းကြီးကျေးရွာအနီိး တစ်ဝိုက်လေကြောင်းပစ်ခတ်တိုက်ခိုက်တဲ့အကြိမ်ပေါင်း ၃၀ ကျော်အထိရှိခဲ့တယ်လို့လည်း သိရပြီး နှစ်ဖက်တပ်တွေအကြား ထိခိုက်သေဆုံးတာလည်း များခဲ့တယ်လို့ ဆိုပါတယ်။  

စီကြီးကြီးရွာအနားမှာရှိတဲ့ စစ်တပ်ရဲ့ဗျူဟာမြောက်အထိုင်စခန်းဟာ မံစီမြို့နဲ့ မိုင် ၃၀ လောက်ဝေးပြီး ရှမ်းနဲ့ကချင်အစပ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်တဲ့အပြင် မြစ်ကြီးနား- မန္တာလေးပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နေရာဖြစ်တာကြောင့် စစ်ရေးအရ၊လမ်းပန်းဆက်သွယ်ရေးအရရော အချက်ချာကျတဲ့နေရာဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ခရိုင်စိုက်ရာမြို့တစ်ခုဖြစ်တဲ့ ဗန်းမော်မြို့ကို အဓိကကုန်းကြောင်းနဲ့ ရိက္ခာထောက်ပို့ပေးနေတဲ့လမ်းကြောင်းလည်းဖြစ်တာကြောင့် စစ်တပ်က စီခမ်းအထိုင်တပ်စခန်းကို လက်မလွတ်ရေးအပြင်းထန် လေကြောင်းနဲ့ကာကွယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စီခမ်းကြီးတပ်စခန်းဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် မံစီမြို့နယ်အခြေစိုက် ခလရ ၁၂၁ တပ်ရင်း ခလရ ၁၅ ၊ခလရ ၂၇၆၊ ခလရ ၂၂၃ ပူးပေါင်းတပ်တွေအထိုင်ချထားတဲ့ စခန်းလည်းဖြစ်ပြီး ဗန်းမော်မြို့ဘက်မှာရှိတဲ့ စစ်တပ်ကို အဓိကထောက်ပံ့ပေးနေတဲ့လမ်းကြောင်းမှာရှိတဲ့ စခန်းလည်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ကချင်– ရှမ်းအစပ်မှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA,KPDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းပိုက်နေပြီး ဇန်နဝါရီလ တစ်လအတွင်းမှာဘဲ မဘိမ်းမြို့အပါအဝင် မံစီမြို့နယ်ထဲက မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ်တပ်စခန်း၊ ဘလောင်ဒိန်ဆာစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ပုံ- လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့အဆာက်အဦများ

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...