စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်သည့် စစ်ကောင်စီအား နိုင်ငံတကာကအရေးယူပေးရန် KnHRG တောင်းဆို

စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်မှု ကျူးလွန်သည့် စစ်ကောင်စီအား နိုင်ငံတကာကအရေးယူပေးရန် KnHRG တောင်းဆို
Photo: CJ
Photo: CJ

စစ်ကောင်စီက ကရင်နီ(ကယား)ပြည်နယ်ရှိ စာသင်ကျောင်းများအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းသုံး တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများသည် လက်သင့်ခံ၍မရသလို နိုင်ငံတကာကလည်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအား အရေးယူပေးရန် တောင်းဆိုကြောင်း ကရင်နီလူ့ အခွင့်အရေးအဖွဲ့ (KnHRG)က ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီနှင့် လွိုင်နန်းဖကျေးရွာ စာသင် ကျောင်းနှင့်အနီးတဝိုက်သို့ စာသင်နေစဥ် စစ်ကောင်စီက လေကြောင်းရောလက်နက်ကြီးပါ အသုံးပြုတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်(၄)ဦးအပါအဝင် (၅)ဦးသေဆုံး၍ မူကြိုအရွယ်ကလေး တစ်ဦးနှင့် ဆရာ ဆရာမ(၂)ဦးအပါအဝင် စုစုပေါင်း (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်နှင့် ပတ်သက်၍ KnHRG က သဘောထားထုတ်ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

KnHRG ၏ ဒါရိုက်တာ ဦးဗညားခွန်အောင်က “စစ်တပ်က သူတို့ယန္တရားတွေ မလည်ပတ်နိုင်တဲ့အချိန်မှာ အခြားအစုအဖွဲ့တွေရဲ့ယန္တရားကို ဖျက်ဆီးလေ့ရှိတယ်။ ကျနော်တို့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ ယန္တရားကဘာမှမကျန်တော့ဘူး။ ဒါကိုသူတို့က မုန်းတီးတာကြောင့်လားပေါ့၊ ဘာပဲဖြစ်ဖြစ် ကလေး တွေစာသင်တဲ့နေရာဖြစ်တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တယ်။ နိုင်ငံတကာဥပဒေကိုချိုးဖောက်တယ်။ လူ့အခွင့်အရေးချိုးဖောက်တဲ့အတွက် စစ်ကောင်စီရဲ့လုပ်ရပ်ကို ကျနော်တို့လုံးဝ လက်သင့်မခံနိုင်ပါဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သော အဆိုပါ ကျောင်းနေရာများသည် တော်လှန်ရေးကာ လအတွင်း တည်ဆောက်ထားသော စာသင်ကျောင်း များမဟုတ်သလို စစ်ဘေးရှောင်ကလေးငယ်များနှင့် ဒေသခံကလေးငယ်များ ပညာသင်ယူရာ စစ်တပ် အာဏာမသိမ်းခင်ကတည်းကရှိနေသော ကျေးရွာစာသင်ကျောင်းများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

လူထုထိခိုက်နစ်နာမှုများပြားပါက တော်လှန်ရေးအစုအဖွဲ့များ၏ စစ်တပ်ကိုခုခံနေခြင်း ရပ်တန့်သွားနိုင် ရန် ရည်ရွယ်၍ စစ်ကောင်စီက ယခုလိုဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သလို IEC အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အကြိမ်ကြိမ် ပြောဆိုမှုအား လျှစ်လျူရှုခြင်း ကလည်း နိုင်ငံတကာ၏ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးများအား လေးစား လိုက်နာမှု မရှိခြင်းဖြစ်ကြောင်းလည်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ -IEC ပြောသည်။

စစ်ကောင်စီက ကရင်နီ(ကယား)ပြည်နယ်ရှိ စာသင်ကျောင်းများအား လေကြောင်းသုံး တိုက်ခိုက်မှု၊ လက်နက်ကြီးနှင့်ပစ်ခတ်မှုများသည် ကျောင်းသားလူငယ်များ၏ ပညာသင်ယူရေး ရပိုင်ခွင့်အပေါ် ခြိမ်း ခြောက်မှုရှိသော်လည်း ပညာရေးအခွင့်အလမ်းအတွက် ဆက်လက်ကြိုးပမ်းနေမည်ဖြစ်ကြောင်း ပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ ၏အတွင်းရေးမှူး(၁) ဒေါ်ဇူးပဒုမ္မာက ပြောသည်။

“ကျမတို့ကရင်နီမှာ အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေနေ့စဥ်ဖြစ်နေတယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နည်းလမ်းအတိုင်း ကလေးတွေပညာရေးဆုံးရှုံးမှုမရှိအောင် လုပ်ဆောင်နေ  တာပါ။ မနေ့ကဖြစ်ရပ်က မိဘတွေအနေနဲ့ ကလေးကို ကျောင်းလွှတ်ဖို့အတွက်လည်း စိန်ခေါ်မှုကြီး ကြီးဖြစ်လာနိုင်တယ်။ ကလေးတွေကိုယ်တိုင်ကလည်း ကျောင်းသွားဖို့အတွက် အခက်အခဲအများကြီး ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ကရင်နီမှာ ခုခံရေးကအခုချိန်ထိကောင်းနေသလို ပညာရေးအခွင့်အရေး တွေအတွက် စစ်ကောင်စီရဲ့ခြိမ်းခြောက်မှု ဘယ်လောက်ပဲရှိရှိ ကျမတို့ဆက်ပြီးတော့ နည်းလမ်း ပေါင်းစုံနဲ့ကြိုးပမ်းနေဦးမှာပဲ ဖြစ်တယ်။” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီဘက်ကမူ အဆိုပါ ကရင်နီပြည်နယ် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့လုပ်ရပ်မဟုတ်ကြောင်းနှင့် ပြည်တွင်းမီဒီယာများက နိုင်ငံပျက်စီးရေးအတွက် သတင်းမှားဖြန့် ဝေခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားသည်။

စစ်ကောင်စီ၏ အဆိုပါ လုပ်ရပ်နှင့်ပတ်သက်၍ IEC,  KnHRG နှင့် ကရင်နီပြည်နယ်အတိုင် ပင်ခံကောင် စီတို့ အနေဖြင့် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်အပြင် နိုင်ငံတကာမှလည်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအား အရေးယူပေးရန် တောင်းဆိုထားသည်။

ထို့အတူ ယမန်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးတံခါး ပိတ်ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင်လည်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကရင်နီစာသင်ကျောင်း တိုက်ခိုက်ခံရမှုဖြစ်စဥ်ကို ထုတ်ဖော်ပြောကြားခဲ့သလို နိုင်ငံတကာအနေဖြင့် မြန်မာစစ်တပ်သို့လေယာဥ်ဆီ မရောက်စေရန်အရေးတကြီး လုပ်ဆောင်ရန်လိုကြောင်း ပြောဆိုထားသည်။

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...