သန်းခေါင်စာရင်းတွင် အိမ်တွင်ပြောဆိုသည့်ဘာသာစကားကို တမင်မှားယွင်းထည့်သွင်းမှုများရှိနေ

သန်းခေါင်စာရင်းတွင် အိမ်တွင်ပြောဆိုသည့်ဘာသာစကားကို တမင်မှားယွင်းထည့်သွင်းမှုများရှိနေ

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက ပြောဆိုသော ဘာသာစကားမေးခွန်းကို ကရင်စကားပြောဆိုသည်ဟု ဖြေဆိုသော်လည်း ဗမာ စကားပြောသည်ဟု ထည့်သွင်းဖြည့်စွက်မှုများရှိနေကြောင်း အခြေအနေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဦးဆောင်ပြီး အောက်တိုဘာ ၁ ရက်နေ့ကစတင် ကောက်ယူနေသည့် သန်းခေါင်စာရင်း မေးခွန်းပုံစံတွင် ယခင်က လူမျိုးဟု ဖြေဆိုရမည့်နေရာတွင် အိမ်တွင် အဓိက ပြောဆိုသော ဘာသာစကားဟု ပြောင်းလဲထားရာ ကရင်စကားပြောဆိုသည့် နေအိမ်အချို့ကို ဗမာစကား ပြောဆိုသည်ဟူ၍ တမင်ထည့်သွင်းခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ယခုလိုပြောသည်။

“သန်းခေါင်စာရင်းလာကောက်တဲ့ ဆရာမက အိမ်မှာ ကရင်လိုပဲ ပြောတယ်လို့ ပြောပြတာကို သူ့ ဘာသာသူ ဗမာစကား အသုံးပြုတယ်ဆိုတဲ့ ဟာကို ဖြည့်သွားတယ်။ အနောက်ကနေ သူငယ်ချင်း တစ်ယောက်က ချောင်းကြည့်တော့ မြင်သွားတာ။ ကရင်လိုပြောင်းပေးပါလားလို့ အကူအညီ တောင်းတာကို ခုနင်တို့ ဗမာလို ပြောနေတယ်လေတဲ့။ သူက ဗမာလို ပြောပြီး စာရင်းလာကောက်တော့ သူ့ကို ဗမာလိုပဲ ပြောပြရတာပေါ့ကွယ်။ အဲ့ဒါကို အိမ်မှာ အသုံးပြုတဲ့ ဘာသာ စကားကို ဗမာလို့ပဲ ထည့်သွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းတို့ အနေဖြင့် ကရင်စကားကို အိမ်တွင် နေ့တိုင်းပြောကြောင်း ဗမာစကားဖြင့် လာရောက် မေးမြန်းသောကြောင့် ဗမာစကားဖြင့် ပြန်လည်ဖြေဆိုပေးရခြင်းဖြစ်ပြီး ယခုလို မှားယွင်းထည့် သွင်းခြင်းကိုလည်း လာရောက်ကောက်ယူသည့် ပညာရေး ဝန်းထမ်းဆရာမက ပြန်လည် ပြင်ဆင်ပေးခြင်းမပြုလုပ်ခဲ့ကြောင်း ၎င်းကရင်အမျိုးသမီးက ဆက်ပြောသည်။

လာမည့် ၂၀၂၅ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားခြင်းကြောင့် မဲစာရင်းမှန်ကန်ရန် အရေးကြီးသည်ဟုဆိုကာ စစ်ကောင်စီအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုကို စစ်ကောင်စီ၏ ပညာရေး ဝန်ထမ်းများအပြင် ပြည်သူ့စစ်၊ ရဲ၊ စစ်သား၊ မီးသတ် စသည်တို့က လိုက်လံကူညီလုပ်ဆောင်ပေးနေရခြင်းဖြစ်ပြီး မေးခွန်းကောက်ယူမှုကိုလာမည့် အောက်တိုဘာ ၁၅ရက်နေ့အထိ လုပ်ဆောင်သွားမည်ဟု အသိပေးကြေညာထားသည်။

ယခုလို စာရင်းကောက်ယူမှု မစတင်ခင်ကတည်းက တိုင်းရင်းသား လူမျိုးများအနေဖြင့် လူမျိုးဟု ဖြေဆိုရမည့် နေရာအစား အိမ်တွင် အဓိက ပြောဆိုသော ဘာသာစကားဟု ပြောင်းလဲ မေးမြန်းသွား မည့်အပေါ်တွင် လူမျိုးဦးရေလျော့နည်းပျောက်ကွယ်သွားမည့်အပေါ် စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့ကြသည်။

အထူးသဖြင့် ကရင်တိုင်းရင်းသားလူမျိုးအချို့မှာ မိမိလူမျိုး၏ ဖြစ်တည်မှုကိုလက်ခံထားကြသော်လည်း ခေတ်အဆက်ဆက် စာပေ၊ ဘာသာစကားများ သင်ကြားခွင့် အပြည့်အဝမရရှိကြခြင်းနှင့် ဗမာစကားကို ဘုံစကားအနေဖြင့် အဓိက ပြောဆိုနေရခြင်းကြောင့် မိမိလူမျိုးဘာသာစကားကို မပြောဆိုတတ်ကြသူ များလည်းရှိသည့်အပေါ် ယခုလို စိုးရိမ်မှုများထွက်ပေါ်လာရခြင်းဖြစ်သည်။

ထိုသို့ ပြောင်းလဲ မေးမြန်းသွားမည့်အပေါ်တွင်လည်း ရန်ကုန်တိုင်း ကရင်စာပေယဉ်ကျေးမှု ကော်မတီက သက်ဆိုင်ရာ စစ်ကောင်စီ၏ တာဝန်ရှိသူများထံ စာတင်မေးမြန်းမှုများ ပြုလုပ်ပြီး ပြန်လည်ပြင် ဆင်ပေးရန် တောင်းဆိုခဲ့သော်လည်း ပြင်ဆင်ပေးမှုမရှိကြောင်း စာယဉ်ကော်မတီ နှင့် နီးစပ်သူများထံမှ သိရသည်။

လွတ်မြောက်နယ်မြေရောက် ကရင်လူငယ်တစ်ဦးက “ဒီလိုမျိုးမေးခွန်းပြောင်းထားတာနဲ့ အခုနကလို တမင်သက်သက် မှားထည့်တာက ဒါက လူမျိုးကြီး ဝါဒကို ဆက်လက် ကိုင်စွဲပြီး အကောင်အထည်ဖော် နေတာပဲဖြစ်တယ်။ တနည်းအားဖြင့်မိမိ ဘာသာစကား မပြောဆို တတ်တော့တဲ့လူမျိုးစု တိုင်းရင်းသားရဲ့ ဦးရေကို တမင်လျော့နည်း အောင်လုပ်တယ်လို့လည်း ယူဆလို့ရတယ်။  တရားမဝင်တဲ့ အစိုးရက အကောင်ထည်ဖော်နေသည့်တိုင်အောင် ဖက်ဒရယ် ဒီမိုကရေစီ မတည်ထောင်နိုင်သေးသ၍တော့ ဒီစာရင်းတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကျနော်တို့ တိုင်းရင်းသား လူမျိုးတွေ ခံစားရအုံးမှာပါ” ဟု ပြောသည်။

လတ်တလော ကောက်ယူမှုကို ဆက်လက်လုပ်ဆောင်နေပြီး သန်းခေါင်စာရင်း ကောက်ယူမှုကို တော်လှန်ရေး အင်အားစုဘက်က လက်မခံကြောင်း သဘောထားများ ထုတ်ပြန်ထားခဲ့ကာ မကွေးတိုင်း နှင့် ပဲခူးတိုင်း ဒေသအချို့တွင် သန်းခေါင်စာရင်းကောက်ယူမှုအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် ဗုံးပေါက်ကွဲများလည်း ဖြစ်ပေါ် ခဲ့သည်။

စစ်ကောင်စီ အနေဖြင့် သန်းခေါင်စာရင်း ကောက်ယူမှုကို ယခုလ ၁၅ ရက်နေ့အထိ ကောက်ယူ သွားမည်ဖြစ်သလို လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားရာ နေရာများတွင်လည်း အချိန်အပိုင်းအခြားဖြင့် ကောက်ယူသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

Most read this week

October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...
October 5, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...