စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းက အစိုးရစာသင်ကျောင်းတွေမှာ တိုင်းရင်းသာဘာသာ သင်ကြားနေတဲ့ ဆရာ/မ ( Language Teacher LT) နဲ့ Teacher Assistant TA ဆရာ/မ တွေဟာ လစာငွေလုံလောက်မှု မရှိတာကြောင့် အလုပ်ထွက်သူဦးရေ များပြားတယ်လို့ သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တွေဆီကနေ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်မှာ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် TA/LT ဆရာ/မ တစ်ဦးရဲ့ တစ်လစာဟာ ဆန် ၆ ပြည်သာ ဝယ်ယူနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
“ TA ဆိုလို့ရှိရင် ၁၅၀,၀၀၀ ဆိုလို့ရှိရင်တွက်ကြည့်ကွာ ဆန်တစ်အိပ်မရပဲနဲ့ ဒီဟာတွေဟာဘယ်လိုလုပ်မလဲ သူတို့(အစိုးရ) တိုးလည်းမတိုးပေးဘူး။ အစိုးရ ဆရာ/မခန့်တဲ့ဟာ ၃၀၀၀၀ တိုးပေးတာ။ တိုင်းရင်းသားဆရာ/မ တွေကို မပါဘူလေ။ ဘယ်လိုရပ်တည်မှာလည်းအေး တိုင်းရင်းသားဝန်ကြီးဌာနကလည်းမကြည့်ပေးဘူးလေ ဘယ်လိုရပ်တည်ကြမှာလည်းအေးလို့” ဟုမ္မလင်းမြို့နယ် သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း ၂၀၂၀ အထိ တိုင်းရင်းသားဘာသာသင် ဆရာ/မ ၁၅၀ ဝန်းကျင်ရှိရာကနေ လက်ရှိ ၂၀၂၃ ခုနှစ်မှာ ၃၁ ဦးသင်ကြားနေတာဖြစ်ပါတယ်။
ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ထို ဆရာ/မတွေရဲ့ လစာတွေမလုံလောက်ဘဲ အလုပ်ထွက်ပြီး ပြင်ပအလုပ်ငန်းများ လုပ်ကိုင်နေကြရတာပဲဖြစ်ပါတယ်။
“ အစတုန်းက ၁၅၀ ကျော်ရှိတာအခုက ၃၁ ယောက်ပဲကျန်တော့တာ T/A ရော L/T ရော ၊ L/T က ၅ယောက်ပဲရှိမယ်ထင်တယ်။ အေး CDM လုပ်ကြတာလေး နောက်ပြီးတော့ လစာမလောက်လို့ထွက်တာများတယ်ပေ့ါ” လို့ သူက အခုလိုဆက်ပြောပါတယ်။
TA/LA ဆရာ/မတွေဟာ စာသင်ကြားမှုတွေကနေ ထွက်ပြီး အရောင်းအဝယ်၊ ရွှေလုပ်ငန်း ၊ လယ်ယာစိုက်ပျိုးရေး နဲ့ နိုင်ငံရပ်ခြားဆီကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်ကြတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာ ကျေးရွာတွေက TA နဲ့ LT ဆရာ/မ တွေဟာ မြို့ပေါ်ကျောင်းတွေမှာလည်း စာပြန်သင်ကြားခွင့်လည်းမရရှိသေးကြောင်းတာကြောင့် အလုပ်နားနေကြရတာဖြစ်တယ်လို့လည်းဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းမှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အထိ ကျောင်းစုစုပေါင်း ၃၁၇ ကျောင်းဖွင့်လှစ်ခဲ့ပြီး ဆရာ/မ ၈၄၂ ဦးအထိ ရှိခဲ့တယ်လို့ ဒေသဆိုင်ရာ အချက်အလက်တွေအရ သိရပါတယ်။