လူငယ်များကို မက်လုံးပေးပြီး တန့်ယန်းမြို့နယ်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြန်လည်ပတ်နေ

လူငယ်များကို မက်လုံးပေးပြီး တန့်ယန်းမြို့နယ်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ပြန်လည်ပတ်နေ

သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ ပြန်လည်ပတ်နေပြီး ဒေသခံ လူငယ်များကို မက်လုံးပေး အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကျားဖြန့်လုပ်ငန်းများသည် တန့်ယန်းမြို့နယ် နောင်လိုင်ကျေးရွာအုပ်စု ပန်လောင်ကျေးရွာ အနီးတဝိုက်တွင် တည်ရှိပြီး မြို့နှင့် ၃ နာရီခန့် ကွာ‌ဝေးသည်။

၎င်းကျားဖြန့်လုပ်ငန်းများကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ တပ်မဟာ (၃၁၈) နှင့် (၇၁၃) တို့က လုံခြုံရေး တာဝန်ယူပေးထားကြောင်း အသက် ၂၅ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပန်လောင်ရွာကနေ တန့်ယန်းဆို နေ့ချင်း ပြန်သွားလို့ရတယ်။ အဲ့နေရာနဲ့ တန့်ယန်းသွားရင် အနည်းဆုံး ၃ နာရီ လောက်ပဲ ဆိုင်ကယ်စီးရမှာ။ ပန်လောင်က မန်ပန်အကျော်ပဲ။ တန်ယန်း၊ နောင်လိုင်၊ လွယ်မော်သွားတဲ့ လမ်းဘက်မှာ ရှိတာ။ အရင်က ပြည်သူ့စစ် တာဝန်ယူတာ၊ ပြီးတော့ TNLAတွေ တာဝန်ယူတာ။ အခုက ‘ဝ’တွေ လုံခြုံရေး ပြန်ယူပေးနေတာ”ဟု အသက် ၂၅ ဝန်းကျင် ၎င်းဒေသခံအမျိုးသမီးက ပြောသည်။

ယခင်က သံလွင်မြစ်တကြောရှိ မန်ပန်ပြည်သူ့စစ် ပိုင်သည့် ရာဘာခြံများကို မြေကော်ကားများဖြင့် မြေများပြန်ညှိကာ လက်ရှိတွင် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်သည့် နေရာဖြစ်နေကြောင်း တန့်ယန်းမြို့နယ်မှ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန်မြေကော်ကားနဲ့ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြတာ။ သံလွင်မြစ်တလျှောက်ကို ‘ဝ’တွေက လောင်းကစားတွေလည်း လုပ်ခွင့်ပေးထားတယ်လေ။ တောထဲမှာ လုပ်တာဆိုတော့ တော်ရုံလူတွေတောင် မဝင်နိုင်ဘူး”ဟု ၎င်းစစ်ရေးလေ့လာသူက ပြောသည်။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ရန်အတွက် ၎င်းကျေးရွာအနီးတဝိုက်ရှိ အသက် ၂၀ နှစ်အောက် လူငယ်များကိုသာ ခေါ်ယူနေသကဲ့သို့ ကျားဖြန့်လုပ်

သူများကို ဟင်းချက်ပေးမည့်သူမှ စ၍ ခေါ်ယူနေကြောင်း အသက် ၂၅ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“ ပြီးခဲ့တဲ့ အပတ်ကတောင် ကျမတို့ကို ခေါ်နေတာ။ သူတို့က ပန်လောင်နားမှာ ရုံးဖွင့်ရင် ပန်လောင်က လူတွေပဲ ခေါ်တာ။ လူငယ်ပိုင်းတွေကိုပဲ ခေါ်တာ။ တန့်ယန်းက လူတွေတောင် မယူဘူး။ လိုင်းပေါ်မတင်ဘူး၊ တိုးတိုးတိတ်တိတ်လေး ခေါ်ကြတာ” ဟု အသက် ၂၅ ဝန်းကျင် ၎င်းအမျိုးသမီးက ပြောသည်။

စစ်ရေးပဋိပက္ခဖြစ်ပွားချိန်နှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် ငွေရှာဖွေရန် ခက်ခဲသည့် အချိန်ကို အခွင့်ကောင်းယူကာ ကျားဖြန့်လုပ်ငန်းဖြင့် ဒေသခံများကို မက်လုံးပေး မြှူဆွယ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ကျားဖြန့်လုပ်ငန်းတွင် ၎င်းတို့ကို ဟင်းချက်ပေးရန်အတွက် အခြေခံလစာ တရုတ်ယွမ်ငွေ ၁ သောင်းကျော် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၉၀ ခန့်) မှစ၍ မက်လုံးပေး ခေါ်ဆောင်မှုများရှိကြောင်း အသက် ၂၅ အရွယ်ရှိ အမျိုးသမီး တစ်ဦးက ပြောသည်။

တန့်ယန်းမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းများ ပြန်လည် စတင်နေသည့် သတင်း မပေါက်ကြားရန် စိုးရိမ်နေပြီး ဖုံးကွယ်ထားကာ အွန်လိုင်းပေါ်တင်သည့် ဒေသခံများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ကျားဖြန့်လုပ်ငန်းသို့ သွားရောက်လုပ်ကိုင်မည့် လူငယ်များအတွက် မိဘများကလည်း တားဆီးရန် လိုအပ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းသည် အသက်အန္တရာယ် စိန်ခေါ်မှုကြီးမားသည့် လုပ်ငန်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျားဖြန့်လုပ်ငန်းကို အဖက်ဖက်မှ ဆန့်ကျင်နေပြီး လက်ရှိ အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးသည့် အကြောင်းရင်းသည် လက်နက်ကိုင်များ ပါဝင်ပတ်သက်မှု ရှိနေခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုလိုက်သည်။

တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အထိ ကျားဖြန့် ဟု လူသိများသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ရောက်ရှိနေပြီး ဒေသခံ လူငယ်များကို မက်လုံးပေး အလုပ်ခေါ်နေကြောင်း သိရသည်။

Most read this week

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...