စစ်ရေး၊ ကုန်သွယ်ရေး ဗျူဟာကျ အာရှလမ်းသစ် ပြန်ဖွင့်ရေး ဂယက်

စစ်ရေး၊ ကုန်သွယ်ရေး ဗျူဟာကျ အာရှလမ်းသစ် ပြန်ဖွင့်ရေး ဂယက်

နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း ဖွင့်လှစ်ခဲ့သည့် ဒေါနတောင်ကျော် ကော့ကရိတ်- မြဝတီ အာရှလမ်း ပြန်ဖွင့်၊ မဖွင့် ယခုရက်ပိုင်းအတွင်း ပြောဆိုမှုများ ခပ်စိပ်စိပ်တွေ့နေရသည်။

အဆိုပါလမ်းကိစ္စနှင့်ပတ်သက်၍ ကရင့်လက်နက်ကိုင် ၄ ဖွဲ့ စက်တင်ဘာလကုန် ပိုင်းက တွေ့စဉ် ပြောဆို ခဲ့သည်ဟု ဆွေးနွေးပွဲ ပါဝင်တက်ရောက်ခဲ့သူ ကေအိုင်စီ သတင်းအရင်းအမြစ်က အတည်ပြုပြောဆို ထားသည်။

ထိုတွေ့ဆုံဆွေးနွေးမှုတွင် အာရှလမ်းမကြီးအပါအဝင် လမ်းဟောင်းနှင့် တောလမ်းများကို အဓိကထိန်းချုပ် ထားသည့် ကေအဲန်ယူ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မှ တာဝန်ရှိသူများ၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBA၊ ကရင်နယ်ခြား စောင့်တပ်-BGF နှင့် ငြိမ်းချမ်းရေးကောင်စီ-PC တို့၏ ထိပ်ပိုင်းခေါင်ဆောင်များ ပါဝင်ခဲ့ကြသည်။

ယခုလို ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ တွေ့ဆုံရာတွင် တစ်နှစ်နီးပါး ပိတ်ထားသည့် အာရှလမ်းသစ် ပြန်ဖွင့်ရေး ဆွေးနွေးပြောဆိုမှုအချို့ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ဆွေးနွေးပွဲတွင် ပါဝင်သည့် ငြိမ်းချမ်းရေး ကောင်စီ- PC အဖွဲ့ဘက်ကမူ လမ်းဟောင်းဖွင့်လှစ်နိုင်ရေးကိုသာအသားပေး ပြောဆိုခဲ့ကြ သည်ဟု ဆိုသည်။

“အာရှလမ်း မဖွင့်နိုင်သေးခင် ပြည်သူတွေ သွားလာရေးခက်ခဲနေတဲ့ကာလမှာ လမ်းဟောင်းကို ဖွင့်ပေးဖို့ သဘောတူညီချက်တော့ရှိတယ်။ အာရှလမ်းမကြီး ကိစ္စကတော့ မဆွေးနွေးသေးပါဘူး။ စဥ်းစားချက်ပဲ ရှိပါ သေးတယ်။ ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ်နိုင်သလောက် လုပ်ပေးခဲ့တဲ့သဘောပါ” ဟု ငြိမ်းချမ်းရေး ကောင်စီ- PC ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ စောမြင့်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့တွင် ဖားအံစစ်ကောင်စီရုံး၌ တွေ့ဆုံခဲ့ချိန်တွင်လည်း နှစ်နိုင်ငံနယ်စပ်ကုန် သွယ်‌ရေး ကိစ္စများ ပြောဆိုဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ထို့အတွက် ကုန်သွယ်ရေးတွင် အရေးကြီးသည့် အာရှလမ်းကိစ္စကိုလည်း ထည့်သွင်း ပြောဆိုကြမည်သာ ဖြစ်သည်။

ယခုလို လမ်းပြန်ဖွင့်‌ရေး ထိုင်းနိုင်ငံ တွန်းအားပေးမှုများရှိနေသော်လည်း လက်ရှိ စစ်ရေးအရ ဗျူဟာကျသည့် အာရှလမ်း ပြန်ဖွင့်ရေးကိစ္စကိုမူ ကေအဲန်ယူဘက်က လက်မခံသည့် သဘောထားရှိသည်ဟု မီဒီယာအချို့နှင့် ကေအိုင်စီ သတင်းရင်းမြစ်များက ပြောသည်။

ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက “ထိုင်းအစိုးရဘက်က ပြန်ဖွင့်ဖို့လိုလားတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကတော့ စစ်အာဏာရှင်ပြန်လည်ရှင်သန်ပြီး အားလုံးကိုဒုက္ခပေးမှာကို အများကြီးထည့်သွင်း စဥ်းစားရတော့ လတ်တလောက ဆွေးနွေးမှုတွေရှိသည့်တိုင် ကျနော်တို့မပြေလည်မှု အဆင်မပြေမှုတွေ ရှိနေတယ်လို့ပဲ ပြောနိုင်ပါတယ်” ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက ပြောသည်။

အဆိုပါ အာရှလမ်းသစ် ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ယခင်၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထိုင်းနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ စီးပွားဖွံ့ဖြိုးဆောင်ရွက်ရေး အေဂျင်စီ(NEDA)နှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) တို့ ၏ ငွေကြေးထောက်ပံ့မှုတို့ဖြင့် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

လမ်းကို ကုန်သွယ်ရေးနှင့် အရှေ့တောင်အာရှ ဒေသတစ်ခွင် ဆက်သွယ်သွားလာ‌ရေး လျင်မြန်လွယ်ကူ အဆင်ပြေစေရန် ရည်ရွယ်ပြီး မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးကို ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု လူထုဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်(THWEE)၏ အစီရင်ခံစာတွင် ဖော်ပြသည်။

လမ်းစီမံကိန်းကြောင့် နယ်စပ်မှ ပြည်တွင်းသို့ ကုန်သွယ်ရေး အဆင်ပြေခဲ့သော်လည်း ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ပြည်သူပိုင်မြေယာနှင့် ပိုင်ဆိုင်မှုများ မတရားသိမ်းယူခြင်း၊ လျော်ကြေးမရခြင်း အစရှိသော ပြဿနာ များစွာ ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

ထို့အပြင် ဖောက်လုပ်ပြီး တရားဝင်မဖွင့်လှစ်မှီ ကော့ကရိတ်မြို့အနီး တပ်စွဲထားသည့် DKBA တပ်များကို ဖယ်ရှားခိုင်းရာမှ DKBA နှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသော်လည်း လက်ရှိ စစ်ကောင်စီအာဏာသိမ်းယူပြီး ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ အာရှလမ်းမကြီးပေါ်ဖြတ်သန်း၍ ထိုင်း-မြန်မာ နှစ်ဖက်ကုန်သွယ်မှု အဆင်ပြေပြေ ရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် မြဝတီဒေသ လေးကေ့ကော်တိုက်ပွဲအစပြု၍ စစ်ကောင်စီက ထောက်ပို့လမ်း ကြောင်းအဖြစ် အာရှလမ်းမကြီးကိုအသုံးပြုလာခြင်း၊ အရပ်သားကားများကို ပစ်ခတ်၊ မီးရှို့ခြင်းတို့ကြောင့် KNU တပ်မဟာ(၆)ဘက်က အရပ်သားများ လမ်းအသုံးမပြုရေး ပိတ်ပင်စာထုတ်ခဲ့ရသည်။

ထိုမှ နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီး ၂၀၂၂- ၂၀၂၃ ခုနှစ်အထိ စစ်တပ်က BGF နှင့်ပူးပေါင်း၍ လမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသည့် ကုန်တင်၊ ခရီးသည်တင် မော်တော်ယာဥ်များထံမှ လမ်းလုံခြုံရေး အကြောင်းပြ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ ရှိလာ၍ ပဋိပက္ခ ပိုမိုပြင်းထန်ခဲ့သည်။

မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်သို့ အလျင်အမြန် ပေါက်ရောက်သည့် အာရှလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် တစ်နှစ်ပတ်လုံး အားပြိုင်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်ရာမှ အစပြုပြီး အရပ်သားများ ဖြတ်သန်းသွားလာမှု လုံးဝရပ်တန့်ခဲ့သည်။

KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုသည် ၂၀၂၄ ခုနှစ် ဧပြီအတွင်းက စစ်ကောင်စီ၏ မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ-၂၇၅ ကို တိုက်ခိုက်နိုင်သည်အထိ ခြေလှမ်းကျယ်ပြန့်ခဲ့ပြီး စစ်တပ်က မြဝတီမြို့ကို ခေတ္တလက်လွှတ်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ထိုနောက် လက်မလွှတ်ရရေး နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင် ရေးပြုလုပ်ခဲ့ရာ အာရှလမ်းပြန်ဖွင့်နိုင်ရေး ပိုမိုအလှမ်းဝေးသွားသည်။

တဖက်တွင်လည်း တိုက်ပွဲနှင့် မိုးရာသီ လမ်းပျက်စီးမှုများဖြင့် လမ်းပိတ်တစ်လှည့် ဖွင့်တစ်လှည့်ဖြစ်နေသည့် ကာလကတည်းက နယ်စပ်ကုန်သွယ်မှုများ နှောင့်နှေးခြင်း၊ အသက်အန္တရာယ်လုံခြုံမှုမရှိခြင်း၊ ပြည်တွင်းကုန် ဈေးနှုန်းများ မြင့်တက်ခြင်းတို့ ဖြစ်ပွားလာကြောင်း ဒေသခံတို့က ဆိုသည်။

ထို့ကြောင့် ကုန်သည်၊ ခရီးသွားများမှာ ယခင်အသုံးပြုခဲ့သည့် ဒေါနတောင်ကျော် လမ်းဟောင်းများကို လက်ရှိ အချိန်ထိ အသုံးပြုနေရပြီး ထိုလမ်းများတွင် စစ်ကောင်စီအပါအဝင် လက်နက်ကိုင် အဖွဲ့စုံက ဂိတ်ဖွင့်ကာ ငွေကြေး အဆမတန်တောင်းခံခြင်း တွေ့ကြုံနေရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ဖွင့်ဟပြောသည်။

မြဝတီ-ကော့ကရိတ် ကုန်တင်သွားလာသူ ယာဥ်မောင်းတစ်ဦးက “မိုးကုန်တော့မယ်ဆိုတော့ ထို့ကော်ကိုး ဘက်က ကားကြီးတွေပြန်သွားကြပြီ။ ပိုက်ဆံကောက်တာကတော့ အရင်ကထပ်တောင် ပိုသေးတယ်။ အရင်က ကားသေးတွေ ကုန်တစ်ဝက်တင်လာရင် ငါးသောင်းပဲ။ အခု တစ်သိန်းပေးရတယ်။ ဂိတ်တွေပိုလာလို့ လမ်းကြေးသာပိုကောက်တာ အောက်မှာကုန်တင်ဈေးက အရင်လိုမပေးတော့ဘူး” ဟု ပြောသည်။

အာရှလမ်းမကြီးဖွင့်လှစ်စဥ်က လမ်းအသုံးပြုခ အနည်းငယ်သာရှိပြီး အဆမတန်ကောက်ခံခြင်းမဟုတ်ဘဲ လမ်းမကြီးပြန်ဖွင့်နိုင်ပါကလည်း ၄၅ မိနစ်ဖြင့် မြဝတီမြို့သို့ ကုန်ပို့နိုင်ပြီး အချိန်ကုန်သက်သာမည်ဖြစ်သည်ဟု ယခင်ကုန်သွယ်သွားလာရသည့်အခြေအနေပေါ် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေသူတို့၏ ပြောပြချက် အရ သိရသည်။

“အရင်က အာရှလမ်းမမှာ တစ်ထောင်နှစ်ထောင်လောက်ပဲ ပေးရတာ၊ လမ်းမကြီးပြန်ဖွင့်သွားမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ပိုအဆင်ပြေတာပေါ့။ အရင်ထက်တော့ တိုးကောက်လောက်မယ်ဆို ပေမယ့် ကုန်သွယ်ရေး အဆင်ပြေသွားမှာ။ လမ်းတိုတယ်လေ။ အခုက နှစ်နာရီလောက်သွားနေရတာ ကားပိတ်ရင် ပိုဆိုးတယ်” ဟု ဖားအံ-မြဝတီ ကုန်သွယ်ရေးလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့အပြင် အာရှလမ်းသစ်ဖောက်လုပ်သည့်နေရာကိုဟိုးယခင်ကတည်းက ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေ အတွင်းတွင်ရှိပြီး အပစ်ရပ်ကာလ ကုန်သွယ်ရေးအတွက် လမ်းဖောက်ခွင့်ပေးရန် သက်ဆိုင်သူတို့ ပြောဆို ခွင့်တောင်းစဉ်က ဒေသဖွံ့ဖြိုးရေးအတွက် လမ်းမှရသည့်အကျိုးအမြတ်အနည်းငယ်ကို အသုံးပြုရန် ပြောဆိုဖူးသော် လည်းလမ်းဖွင့်ပြီးနောက် ထိုသို့ဖြစ်မလာခဲ့သည်များလည်း ရှိခဲ့ဘူးသည်။

ကေအဲန်ယူ၏ ယခင်ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး လက်ထက်က ငြိမ်းချမ်းရေး အမှတ် သင်္ကေတအဖြစ် လက်ခံဖွင့်လှစ်ခဲ့သော နှစ်နိုင်ငံကုန်သွယ်ရေး အချက်အချာကျသည့် အာရှလမ်းမကြီးမှာ ပြည်သူများစားဝတ်နေရေး ပြေလည်ဖို့ရန် အထောက်အကူပေးသလို စစ်ရေးအရအရေးပါသည့် ဗျူဟာကျ သည့် လမ်းတစ်ခုဖြစ်ကြောင်း ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက ဆိုသည်။

၎င်းက “လက်ရှိအနေအထားအရလည်း အင်မတန်မှအရေးကြီးတဲ့ကာလဖြစ်တယ်။ ဒီလမ်းက စစ်ရေးအရ အရေးကြီးသလို ကုန်သွယ်ရေးအရလည်းအရေးကြီးတယ်။ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက်လည်း ဒီလမ်း ကအချက်အချာကျပြီး တဖက်ကလည်း ပြည်သူတွေစားဝတ်နေရေးပြေလည်စေတဲ့ ဆိုတာကိုတော့ ကျနော်တို့နားလည်ထားပြီးသားပါ” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ထို့အတွက် လက်ရှိ တော်လှန်ရေးကာလတွင် စစ်ရေးအရ စစ်ကောင်စီ စိုးမိုးအသားစီးမရနိုင်ရေး တဖက်မှ လုပ်ဆောင်နေရသလို အခြားတဖက်တွင်လည်း ပြည်သူတို့၏ စားဝတ်နေရေးအတွက် ထည့်သွင်းစဉ်းစား ရသော်လည်း စစ်ရေး၊ ကုန်သွယ်ရေး ဗျူဟာကျသည့် အာရှလမ်းသစ်ပြန်ဖွင့်ရေးမှာမူ လတ်တလော ခက်ခဲ နေဦးမည် သဘောတွေ့နိုင်သည်။

Most read this week

November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...
November 20, 2024
ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်အတွင်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို...
November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...