ပူတာအိုဒေသအတွင်း ဦးတန်ဂူးတန်ပြည်သူ့စစ်က တပ်သားစုဆောင်းနေ

ပူတာအိုဒေသအတွင်း ဦးတန်ဂူးတန်ပြည်သူ့စစ်က တပ်သားစုဆောင်းနေ

ဦးတန်ဂူးတန်ခေါင်းဆောင်တဲ့ ပူတာအိုဌာနေပြည်သူ့စစ်အဖွဲ့ကနေ "ပူတာအိုဒေသကို KIA အဖွဲ့ဝင်လာတော့မှာ ဖြစ်တာကြောင့် ကာကွယ်ကြဖို့နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသကိုအခြေခံတဲ့ ဖက်ဒရယ်ပေးတော့မှာ ဖြစ်တာကြောင့် ပြည်သူ့စစ်ထဲ များများဝင်ကြပြီး မိမိဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အောင် လုပ်ကြစို့" လို့ဆိုတဲ့ အချက်နှစ်ချက်ကို ပြောဆိုပြီး စစ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပူတာအို စစ်ကောင်စီတပ်ရင်း ၄၆ တပ်ရင်းမှူးရဲ့ ပြောဆိုမှုကြောင့် ပြည်သူ့စစ်ထဲဝင်ဖို့ ဇန်နဝါရီလ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစည်းရုံးနေကြတာဖြစ်တယ်လို့ ပူတာအို ဒေသခံတစ်ဦးက ပြောပါတယ်။

"ဗျူဟာကနေ ဖိအားပေးတယ်လို့ သူတို့ကပြောနေကြတယ်။ မင်းတို့ပူတာအိုဌာနေပြည်သူ့စစ်တွေ အလုပ်သေချာမလုပ်ဘဲ လူမရှာပေးဘူးဆိုရင် ပူတာအိုဒေသမှာ မင်းတို့ပြည်သူ့စစ်ကို မယူတော့ဘဲ လီဆူပြည်သူ့စစ်တွေကို ထည့်တော့မယ်။ ဒီပူတာအိုကို လီဆူပြည်သူ့စစ်ကို ပေးလိုက်မယ်၊ သူတို့ကိုပဲ အုပ်ချုပ်ခွင့်ပေးလိုက်မယ်လို့ ပြောတော့ ရဝမ်တွေက လီဆူတွေအုပ်ချုပ်မှာကို မလိုလားတဲ့အတွက်၊ ရဝမ်လူမျိုးတွေ ပြည်သူ့စစ်အင်အား ပိုကောင်းလာအောင် လုပ်နေတာ။ ၄၆ တပ်ရင်းမှူးကိုယ်တိုင် ဖိအားပေးလိုက်လို့ အောက်ခြေမှာ အခုလိုဖြစ်တာလို့ သတင်းရပါတယ်။"လို့ ဆိုပါတယ်။

အဲဒီအချက်နှစ်ချက်နဲ့ ပူတာအိုမြို့ပေါ်ရပ်ကွက်က နေအိမ်တွေမှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်မလုပ်မနေရဆိုပြီး လိုက်လံလုပ်ဆောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ပူတာအိုတပ်ရင်း ၄၆ တပ်ရင်းမှူးက ပူတာအိုဌာနေပြည်သူ့စစ်အဖွဲ့ကို ပြောဆိုခဲ့တဲ့ အချက်နဲ့ ပတ်သက်ပြီး လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းရာမှာတော့ သူ့ကိစ္စမဟုတ်တဲ့အတွက် သူမသိကြောင်း ပြန်လည်ဖြေကြားပါတယ်။

ပြည်သူ့စစ်အင်အား ဖြည့်တင်းလိုတဲ့အတွက်ကြောင့် "KIA ပူတာအိုမြို့ထဲဝင်လာပြီဆိုတဲ့ သတင်းကိုအကြောင်းပြပြီး တစ်အိမ်မှာ အမျိုးသားနှစ်ယောက်ရှိရင် တစ်ယောက် ပြည်သူ့စစ်သား မလုပ်မနေရဆိုပြီး စုဆောင်းရေးလုပ်နေတာ ဖြစ်နိုင်တယ်လို့ ပူတာအိုဒေသရှိ KIA အရာရှိတစ်ဦးက သူရဲ့ ထင်မြင်ချက်ကို သုံးသပ်ပြောကြားပါတယ်။

မူလာရှီးဒီး၊ ရှန်ဂေါင်၊ ဒုတ္တန်စတဲ့ ရပ်ကွက်၊ ကျေးရွာတွေဘက်မှာ တစ်ရွာလုံးနီးပါးက အားအင်ရှိသေးတဲ့ ရဝမ်လူမျိုးတွေဟာ ပြည်သူ့စစ်ထဲ ဝင်နေကြပြီလို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဲဒီလိုစစ်သားစုဆောင်းတဲ့အထဲမှာ အာဏာမသိမ်းခင်အချိန် အရန်သင်တန်းဆင်းထားတဲ့ သူတွေကိုလည်း အတင်းအကျပ်ပြန်ခေါ်ခဲ့ပြီး ဝင်ရောက်လာခြင်း မရှိတဲ့သူတွေကိုတော့ အိမ်အရောက် လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

စည်းရုံးရေးဆင်းတဲ့အချိန်မှာ ပြည်သူ့စစ်အဖွဲ့တွေက ရဝမ်စာပေနဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့ရဲ့ အကူအညီကို ရယူပြီး လုပ်ဆောင်နေကြတာဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရသိရှိရပြီး သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီးတော့ အဲဒီဥပဒေဟာ တိုင်းရင်းသားမျိုးနွယ်တွေအတွက် အကျိုးရှိစေမယ့် အချက်တွေ ပါရှိမှာမဟုတ်တဲ့အတွက် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို တိုင်းရင်းသားမျိုးနွယ်စုတွေအနေနဲ့ မျှော်လင့်ချက်ရှိနိုင်တယ်လို့ လက်မခံသင့်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"အခုအချိန်မှာ ရန်သူက ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်။ အဲဒီမှာ အနိုင်ရရှိဖို့ ပြည်သူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ လိမ်ညာ၊ လှည့်ဖြားပြီး အင်အားစုဆောင်းနေတဲ့ ကာလဖြစ်တယ်။ သူပြောတာကို နားထောင်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေ ရရှိမယ့်အခွင့်အရေးတွေ၊ နယ်မြေတွေကို လက်လွတ်ဆုံးရှုံးသွားတာမျိုးမဖြစ်အောင် အရမ်းသတိထားရမယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

အခုလို ဌာနေပြည်သူ့စစ်အဖွဲ့အနေနဲ့ စစ်သားစုဆောင်းမှုတွေ ပြုလုပ်လာကြတာဟာ နိုင်ငံတော်အတွက်၊ တပ်မတော်အတွက် အရေးပေါ်အင်အား လိုအပ်ချက်အရ ဖြစ်နိုင်မယ်လို့ထင်ကြောင်း ရဝမ်ပြည်သူ့စစ် လူငယ်တစ်ဦးက အခုလိုပြောပါတယ်။

"ကျွန်တော့်အနေနဲ့ ဒါဟာ နိုင်ငံတော်ရဲ့၊ တပ်မတော်ရဲ့ အလုပ်ဟုတ်တယ်လို့ပဲ မြင်တယ်။ ဌာနေပြည်သူ့စစ်ဆိုတာ လိုအပ်ချက်အရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း၊ ဒေသလုံခြုံရေးအတွက်ပေါ့နော်။ ဒီဒေသကာကွယ်ရေးအတွက်ပဲ အရေးပေါ်အင်အားလိုလို့ ဖြစ်မယ်လို့ပဲ ကျွန်တော်ကထင်တယ်။" လို့ ဆိုပါတယ်။

အထက်ပါကိစ္စနဲ့ပတ်သက်ပြီး ပူတာအိုဌာနေပြည်သူ့စစ် တာဝန်ရှိသူဆီ ဖုန်းဆက်သွယ်မေးမြန်းနေပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးတာကြောင့် အခြားဌာနေပြည်သူ့စစ် အကြီးပိုင်းနောက်တစ်ဦးကို ထပ်မံမေးမြန်းကြည့်ရမှာလည်း ကိုယ့်ဒေသအတွက် လုပ်နေတဲ့ ကိစ္စပိုင်းတွေပဲ ဖြစ်တယ်လို့သာ ဖြေကြားပြီး အခြားအကြောင်းအရာတွေကို ဖြေဆိုဖို့ငြင်းဆန်ပါတယ်။

ပူတာအိုဌာနေပြည်သူစစ်အဖွဲ့ဟာ ရဝမ်လူမျိုးစု‌တွေ အများဆုံးပါဝင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး ခေါင်းဆောင်ကတော့ ဦးတန်ဂူးတန်ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...