တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကိုပိတ်လိုက်ရ၊ လူနာများအား အခြားဆေးရုံသို့ ပြောင်းရွှေ့ကုသနေရ

တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကိုပိတ်လိုက်ရ၊ လူနာများအား အခြားဆေးရုံသို့ ပြောင်းရွှေ့ကုသနေရ

သျှမ်းပြည် ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို ပိတ်ထားလိုက်ရပြီး လူနာနှင့်ဆရာဝန်များအား အခြားဆေးရုံထံသို့ ပြောင်းရွှေ့ထား ရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်) နံနက်အစောပိုင်းမှစပြီး ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံကြီးကို လုံခြုံရေးအရ ပိတ်ချလိုက်ကာ လူနာနှင့်ဆရာဝန်များအား ကောင်းခါးတိုက်နယ်ဆေးရုံထံသို့ တစ်နေလုံးနီးပါး ပြောင်းရွှေ့ခဲ့ရကြောင်း လားရှိုးမြို့ရောက် လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆေးရုံကပိတ်ရတာထက် ရွှေ့လိုက်ရတာပေါ့ဗျာ။ ကွတ်ခိုင်မှာက အန္တရာယ်များလို့လေ။ တိုက်ပွဲကြားမှာ ညှပ်နေတော့ လူနာတွေကို ကောင်းခါးတိုက်နယ်ဆေးရုံကို ရွှေ့ပြီး ခဏပြောင်းကုသနေရတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ ကောင်းခါးတိုက်နယ်ဆေးရုံသို့ ပြောင်းရွှေ့သွားရသည့် လူနာဦးရေမှာ ရာနှင့်ချီရှိပြီး ယင်းမြို့တွင်း တိုက်ပွဲကြောင့် ထွက်မပြေးနိုင်ဘဲ လူနေအိမ်ရပ်ကွက်ထဲမှာ ပိတ်မိနေသည့် ပြည်သူများလည်း ထောင်နှင့်ချီ ကျန်ရှိနေသေးကြောင်း ၎င်းကဆိုသည်။

၎င်းတို့မှာ အခြားမြို့နယ်တို့ထွက်ပြေးသွားရန် လမ်းစရိတ်မတတ်နိုင်ခြင်း၊ အခြားမြို့နယ်မှအသိမိတ်ဆွေ မရှိခြင်းကြောင့် ထွက်မပြေးနိုင်ဘဲ တိုက်ပွဲကြားမှာကျန်ရစ်နေကြောင်း ထွက်ပြေးတိမ်းရှောင်လာသည့် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“တချို့မပြေးနိုင်တဲ့သူတွေပေါ့ဗျာ..။အခုတောင် လမ်းစရိတ်တောင်မှ လားရှိုးဆိုရင် ကျပ်ငွေ ၂ သိန်းခွဲ လောက်ရှိတယ်။ ဒါတောင် ဆိုင်ကယ်နဲ့သွားရတာ။ တချို့ကျတော့ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့ အတိုင်းအတာမှာ ပြေးဖို့မလွယ်တော့ နီးစပ်ရာခြုံလုံမယ့်နေရာမှာခိုလှုံပြီးတော့ ပိတ်မိနေတာပေါ့” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ကွတ်ခိုင်မြို့တွင်းတိုက်ပွဲကြား ပိတ်နေကြသည့် ပြည်သူများမှာ ရပ်ကွက် (၃)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅) နှင့် ရပ်ကွက် (၆) စသည့်ဖြင့် ရပ်ကွက်များဖြစ်ကြောင်း၊ ၎င်းတို့သည် လက်ရှိတွင်ကတုတ်ကျင်းထဲမှာ ပုန်းခိုနေရကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ကွတ်ခိုင်မြို့နှင့် တဆက်တည်း ပြည်ထောင်စုကားလမ်းမပေါ်ရှိ သိန္နီမြို့နှင့် နမ့်ဖတ်ကာ ကျေးရွာတွင်လည်း တိုက်ပွဲပြင်းထန်နေလျက်ရှိသောကြောင့် အခြားမြို့နယ်ရှိ လူမှုကယ်ဆယ်ရေးမှ ကွတ်ခိုင်မြို့နယ်တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူများကို ကယ်ထုတ်ရန် ခက်ခဲမှုရှိနေဆဲပင်။

 “တခြားမြို့နယ်က သူတို့ကိုလာကယ်မယ့်သူ လောလောဆယ်မရှိသေးဘူး။ သိန္နီဘက်ကတက်လာလို့လည်း မလွယ်ဘူး။ မူဆယ်ကလည်းမလွယ်ဘူး။ အဲ့မှာပိတ်နေသလိုဖြစ်တော့ အခုမှာ ကျနော်တို့ အသင်းတွေကော၊ ဟိုမှာကျန်ခဲ့တဲ့အသင်းတွေကော လောဆယ်ကယ်ထုတ်ဖို့ကြိုးစားနေတယ်။ နှစ်ဖက်အဖွဲ့ကို တောင်းနေတယ်” ဟု လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်တိုက်ပွဲသည် ပြီးခဲ့သည့် (ဒီဇင်ဘာလ နောက်ဆုံးပတ်)မှစ၍ တစ်ကျော့ပြန်လည် ဖြစ်ပွားခဲ့ကာ ယမန်နေ့ (ဇန်နဝါရီလ ၄ ရက်)အထိ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းဖြင့် ၅ ကြိမ်တိုင်တိုင် ဗုံး (၁၉) လုံးလာရောက်ပစ်ချတိုက်ခိုက်ခဲ့ကြောင်း  TNLA မှထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လကျော်အတွင်း ကွတ်ခိုင်မြို့နယ် တိုက်ပွဲကြား ပြည်သူ ၂၀ ကျော်သေဆုံးပြီး ၄၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသည့် မှတ်တမ်းများအရ သိရသည်။

လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ဖယ်ခုံ ဒေသခံများ
November 18, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့်...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
စစ်ကောင်စီ ကွတ်ခိုင်မြို့ကို ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦး
November 18, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃...
November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...