မေး ။ ။ ဗိုလ်မှုးကြီးရဲ့ စစ်သားဘဝတစ်လျှောက်မှာ အကြီးကျယ်ဆုံးကြံုခဲ့တဲ့ တိုက်ပွဲရှိသလား။
ဖြေ ။ ။ ကချင်ပြည်နယ်မှာနေတုန်းက လေးငါးရက်မနားဘဲ စစ်တိုက်ခဲ့ရတာတွေက အဓိကလို့ ပြောလို့ ရပါတယ်။
မေး ။ ။ CNA ကို ဦးဆောင်လာတဲ့အချိန်မှာ ကြံုတွေ့ခဲ့ရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။
ဖြေ ။ ။ ၂၀၀၅ ခုနှစ် CNA မှာ ခေါင်းဆောင်လုပ်ခဲ့တုန်းက အိန္ဒိယနဲ့ မြန်မာအစိုးရက ပူးပေါင်းပြီး စစ်ဆင်မှုကြောင့် ကျွန်တော်တို့ရဲ့ ဌာနချုပ်ကြီး မရှိတော့ဘူး။ အဲဒီတုန်းက အကြီးကျယ်တိုက်ပွဲ ဖြစ်တာမျိုးတော့ မဟုတ်ဘဲ ဖောက်ကွဲ၊ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်။ စစ်သိပ်မဖြစ်ဘဲ ကျွန်တော်တို့ ပြန်ပြေလည်သွားခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဌာနချုပ်က သိတဲ့အတိုင်း နှစ်နိုင်ငံရဲ့ နယ်နိမိတ်မှာဆိုတော့ ကျွန်တော်တို့ အဲဒီနေရာကို စွန့်ခွါခဲ့ရတယ်။ အခု လက်ရှိဌာနချုပ်ဖြစ်တဲ့ Vitoria Camp က အသစ်ဖြစ်ပါတယ်။
မေး ။ ။ ဗိုလ်မှုးကြီးရဲ့မမေ့နိုင်မယ့် တိုက်ပွဲက ဘယ်တိုက်ပွဲ ဖြစ်မလဲ။
ဖြေ ။ ။ တိုက်ပွဲဆိုတဲ့နေရာမှာ လက်နက်နဲ့လည်းဖြစ်သလို စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာလည်း ဖြစ်ပါတယ်။ အဲဒီ ၂၀၀၅ မှာကျွန်တော်တို့ရဲ့ဌာနချုပ် ဆုံးရှုံးလိုက်ရတုန်းက ကျွန်တော်တို့ ဘယ်သွားဘယ်လာလာ ကျွန်တော်တို့ပြန်မယ့် နေရာရှိခဲ့တာပေါ့။ ဒါပေမယ့် အဲဒါဆုံးရှုံးလိုက်ရတော့ ကျွန်တော်တို့ အိမ်ပြန်မယ့် နေရာမရှိဘူး ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ အခု Victoria Camp မရှိခင် အချိန်အထိ နေရပ်မရှိသလို ဖြစ်ခဲ့တဲ့ကာလကတော့ ကျွန်တော့်ရဲ့ စိတ်ထဲမှာ အခံစားရဆုံးကာလ ဖြစ်ပါတယ်။
မေး ။ ။ CNA ရဲ့တော်လှန်ရေးခရီးစဉ်တစ်လျှောက်မှာ ချင်းလူထုအချို့ အပေါ်မှာလည်း ဆိုးကျိုးလေးတွေရှိ ခဲ့ဖူးတော့ အခုငြိမ်းချမ်းရေးလည်းေ ဆွးနွေးပွဲတွေလုပ်လာပြီဆိုတော့ ပြန်လည်တောင်းပန်နေတာမျိုးရှိလား။ အဲဒီအတွက် ဘာဆက်လုပ်နေတာရှိလဲ။
ဖြေ ။ ။ CNF တော်လှန်ရေးမှာ သေနတ်ကိုင်ရတာ ဖြစ်တယ်။ သေနတ်ဆိုတာက ရေထွက်တာ မဟုတ်ဘူး။ မီးထွက်တာ ဖြစ်တယ်။ ချင်းပြည်ရဲ့ဘယ်ဒေသ၊ ဘယ်နေရာတွေမှာ ဘယ်လိုခံစားပါစေ ဆိုတဲ့ ၀ါဒမရှိဘူး။ ရန်သူနဲ့ တွေ့တဲ့နေရာတိုင်းက တိုက်ပွဲဖြစ်ရတာဆိုတော့ တစ်ဖက်ကလည်း ရန်သူကြောင့် ဒေသခံတွေခံစားတာမျိုးလည်း ဖြစ်တယ်။ ဒါကြောင့် တချို့ဒေသတွေမှာဆိုရင် အသက် ဆုံးရှုံးရတဲ့သူလည်း ရှိမှာပဲ။ ထောင်ချတာ မျိုးလည်း ရှိမှာပဲ။ ဒါပေမယ့် ဒါတွေဟာ CNF အနေနဲ့ တမင်လုပ်ခဲ့တာ မဟုတ်ဘူး။ ရန်သူနဲ့ ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် ဒါမျိုးတွေကို နားလည်ပေးဖို့ လူထုကို အမြဲပြောတယ်။ ကျွန်တော်တိုု့ရဲ့ တော်လှန်ရေးလုပ်ငန်းကြောင့် ကြားက နေသေဆုံးသွား၊ ခံစားခဲ့ရတဲ့သူတွေကို CNF အနေနဲ့တရား ၀င်ပြန် တောင်းပန်ဖို့ အချိန်မတန်သေးဘူး။ ဘာကြောင့်လဲ ဆိုတော့ တော်လှန်ရေးက မပြီးသေးဘူး။ ဒါကြောင့်တော်လှန်ရေးပြီးမှ ဒါမျိုးတွေကို လုပ်သင့်တာ ဖြစ်တယ်။ လူထုဖက်က နားလည်ပေးဖို့ကလည်း ကျွန်တော်တို့ တော်လှန်ရေးမပြီးသေးဘူး။ ကျွန်တော်တို့ လက်နက်ကိုင်နေတုန်းဖြစ်တယ်။ ဒါကြောင့် အခုန ပြောသလို ပြဿနာလေးတွေတော့ ရှိကောင်းရှိဦးမှာပါ။
မေး ။ ။ CNF က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးနောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းတော်တော် များများမှာ ၀င်လုပ်နေတာတွေ့ရတယ်။ ဒါပေမယ့် ဒေသခံအကျိုးအတွက် သိပ်မရှိပဲ CNF အတွက် ပိုဦးစားပေးကြတယ်လို့ ပြောနေသံတွေ ကြားရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုပြောချင်ပါသလဲ။
ဖြေ ။ ။ ကျွန်တော်တို့လူမျိုးကလည်း နားလည်ပေးဖို့က ကျွန်တော်တို့ဒီလောက်နှစ်ပေါင်းများစွာထဲမှာ ဗမာအစိုးရတွေက လူမျိုးရေးနဲ့ပတ်သက်ပြီး စားပွဲဝိုင်းမှာ ဆွေးနွေးလာတာ ပထမအကြိမ်ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် အဲသလိုမျိုးမရှိခဲ့ဘူး။ အခု CNF နဲ့ အစိုးရနဲ့ သဘောတူထားတဲ့ ဟာကိုကြည့်မယ်ဆိုရင် သဘောတူညီချက်ပေါင်း ၅၀ ကျော်ရှိတယ်။ အဲဒါတွေအားလုံးက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ကိစ္စ၊ အခြားဖွံ့ဖြိုးရေးကိစ္စတွေချည်းပဲ ဖြစ်ပါတယ်။ အဲဒါတွေကို ဦးစားပေးလုပ်ပေးဖို့ ကျွန်တော်တို့ ပြောပြီးနောက်ပိုင်းမှာ တစ်ပြည်နယ်လုံးမှာ လမ်းတွေ ဖောက်လုပ်လာတာ ဖြစ်တယ်။ အဲဒါတွေကို အစိုးရကပဲ လုပ်တာ ဖြစ်တယ်။ ကျွန်တော်တို့ CNF က ဘာမှ ၀င်ယူစရာ မရှိဘူး။ ယူလည်း မယူဘူး။ နိုင်ငံတကာကရတဲ့ ငွေကြေးတွေဆိုရင်လည်း ကျွန်တော်တို့ ကိုယ့်ကျိုးအတွက် အသုံးပြုနေတာ မရှိဘူး။ လူအများအကျိုးအတွက် အသုံးပြုတာချည်းပဲ ဖြစ်တယ်။ CNF အထဲမှာဆိုရင်လည်း မပြည့်စုံတဲ့သူတွေ အများကြီးပဲ။ တစ်ယေက်စ၊ နှစ်ယောက်စလောက်တော့ အဆင်ပြေတဲ့သူ ရှိကောင်းရှိနိုင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်းကနေ ဖြစ်ပေါ်လာတဲ့ ဘယ်အရာကိစ္စရပ်များမှာ မဆို CNF ကကိုယ်ကျိုးအ တွက်ယူတာမရှိဘူးဆိုတာတော့ အာမခံပြီးပြောချင်ပါတယ်။
မေး ။ ။ အခု CNF အနေနဲ့ ဆက်ဆံရေးရုံးတွေ လုပ်လာအပြီးမှာ အခု စီးပွားရေးရုံးဆိုပြီးတော့ ဆက်လုပ်လာတာတွေ တွေ့ရတယ်။ အဲဒါတွေက ဘယ်လောက်အထိ လူထုအတွက် အကျိုးရှိလာနိုင်မလဲ။
ဖြေ ။ ။ ဆက်ဆံရေးရုံးကတော့ ၃ ခုပဲ ရှိပါတယ်။ ဒီ ၃ ခုထဲနဲ့ ကိုယ့်ဒေသလုပ်ငန်းလုပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာဖြစ်လာတော့ အစိုးရကိုယ်တိုင်လည်း အကြံပေးတာ ဖြစ်တယ်။ စီးပွားရေးရုံးဆိုပြီး လုပ်တယ်ဆိုရင် ကြိုက်တဲ့နေရာ တစ်နိုင်ငံလုံးမှာဖွင့်ပြီး အလုပ်လုပ်လို့ ရတယ်ဆိုပြီး သူတို့ အကြံပေးတာ ဖြစ်တယ်။ CNF နဲ့ လူထုကြား သော်လည်းကောင်း၊ အစိုးရကြား သော်လည်းကောင်း စီးပွားရေးရုံးဆိုပေမယ့် စီးပွားရေးကိုပဲ လုပ်တာမဟုတ်ဘဲ တစ်ဖက်နဲ့တစ်ဖက် နားလည်မှု၊ သင်ယူမှုတွေ ပိုပြီး ဖြစ်ပေါ်လာနိုင်ဖို့ထားတာ ဖြစ်ပါတယ်။
မေး ။ ။ အခု NCCT ကနေ ပိုအဆင့်မြင့်တဲ့ ကော်မတီဖွဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လက်ဆွေးနွေးမှုမျိုး လုပ်လာမှာဆိုတော့ ပိုပြီး လုပ်လာနိုင်မယ်လို့ ထင်သလား။
ဖြေ ။ ။ တလောက လုပ်တဲ့ လောခီးလာညီလာခံမှာ တိုင်းရင်းသားပေါင်းစုံတွေ့ကြတော့ NCCT အဖွဲ့ဝင်တွေ ကိုယ်တိုင်က ကျွန်တော်တို့ လုပ်နိုင်တာနဲ့ အစိုးရဖက်နဲ့ သဘောတူညီမှုက ဒါနောက်ဆုံး ဖြစ်ပါတယ်။ ဒီ့အပြင်တော့ ကျွန်တော်တို့လည်း လမ်းကြောင်း မမြင်တော့ဘူးဆိုပြီး ပြောလာတယ်။ ဒါကြောင့် ဒီညီလာခံကနေ အားလုံးရဲ့သဘောတူညီချက်နဲ့ ပိုပြီး အဆင့်မြင့်တဲ့ ကော်မတီကို ဖွဲ့တာ ဖြစ်တယ်။ လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေလည်း ပါတယ်။ NCCT ကလည်း ပြန်ပါတယ်။ NCCT ကိုလည်း ဖျက်သိမ်းတာမျိုး မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်နေမယ်ဆိုတာမျိုး ဖြစ်တယ်။ တိုင်းရင်းသားအားလုံးအတွက် အတော်ကောင်းတယ်လို့ မြင်တယ်။ ကျွန်တော်တို့ရဲ့ စည်းလုံးမှုအမြင့်ဆုံးအဖြစ်လို့လည်း မြင်တယ်။
မေး ။ ။ နောက်ဆုံးအနေနဲ့ မှာကြားချင်တာ၊ ဖိတ်ခေါ်ချင်တာ ဘာများရှိမလဲ။
ဖြေ ။ ။ အရင်ကဆိုရင် ကျွန်တော်တို့ လူမျိုးတွေဟာ သွား၊ နေ၊ ထ ဆိုတဲ့အမိန့် အာဏာရှင် လက်အောက်မှာနေတာဖြစ်တော့ ကျွန်တော်တို့ရဲ့ လူမျိုးရေးနဲ့ပတ်သက်ပြီး ရပ်တည်ချက် ကောင်းကောင်းရှိရမယ်။ ကျွန်တော်တို့က လူဦးရေနည်းတယ်။ ကိုယ့်လူမျိုးကလွဲလို့ တခြားလူမျိုးကို မယုံသင့်တော့ဘူး။ ကျွန်တော်တို့လူမျိုးကို ဘုရားက လမ်းပြတော့ နိုင်ငံတကာမှာ နိုင်ငံပေါင်း (၂၀) ကျော်လောက်မှာ ပညာတတ်တဲ့ ချင်းလူမျိုးတွေ အများကြီးပိုင်ဆိုင်ထားပြီ။ လူ့အရင်းအမြစ်အများကြီး ရှိလာပြီ။ ဒီလူတွေနဲ့ ပြည်တွင်းမှာနေတဲ့ ကျွန်တော်တို့ လူမျိုးတွပေါင်းပြီး ကိုယ့်ဟာကိုယ် လွတ်လွတ် လပ်လပ်နဲ့ အလုပ်လုပ်နိုင်မယ်ဆိုရင် ဘယ်လူမျိုးကိုမှ အားကိုးစရာမလိုဘူး။ အထင်ကြီးစရာ မလိုဘူး။ သူတို့ရဲ့ စကား၊ ယဉ်ကျေးမှုတွေကို အထင်ကြီးတဲ့ စိတ်တွေထားခဲ့ပြီး ကိုယ့်လူမျိုးအရေး မြှင့်တင်ဖို့ လိုတယ်။ ဒါကြောင့် အချင်းချင်းပူးပေါင်းကြဖို့ကို အဓိက မှာကြားချင်တာဖြစ်ပါတယ်။