တောင်ငူမြို့နယ်အတွင်း စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်၍ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

တောင်ငူမြို့နယ်အတွင်း စစ်တပ်က အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်၍ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီတပ်က နဂါး မောက်ကျေးရွာသို့ နိုဝင်ဘာလ ၂၀ရက်၊ ယမန်နေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

သောက်ရေခပ်ဆည်အနီး၊ တောင်ငူမြို့နှင့် (၁၁)မိုင်ခန့်အကွာမှ လူဦးရေ(၄)ထောင်ကျော်ရှိသော နဂါး မောက် ရွာသို့ ယမန်နေ့ညနေ(၆)နာရီဝန်းကျင်ခန့်က ရွာအနီးတစ်ဝိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အဆိုပါ‌ ကျေးရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ရွာခံများလည်း နေရပ်စွန့်ခွာနေရသည်ဟု တောင်ငူမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးက “မနေ့က ညနေပိုင်း(၆)နာရီမတိုင်ခင် လေယာဥ်လာဝဲပြီး သိပ်မကြာဘူး၊ လာပစ်ချတာ ။ ဒီနေ့မနက်တော့ အဲဒီရွာသားတွေ ရွာပြန်အထုပ်အပိုးယူတယ်။ ရွာက ဘုရားကျောင်းကိုလည်း လာထိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တောင်ငူမြို့နယ် (၄)မိုင်အခြေစိုက်တပ်ရင်းအနီးရှိ ကျေးရွာများသို့ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ပစ်ခတ်ခဲ့ပြီးနောက်တွင် စစ်ကောင်စီက နဂါးမောက်ကျေးရွာအား ထိုသို့ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

၎င်းအပြင် (၄)မိုင်ရှိ စစ်ကောင်စီ၏ ထိုခြေလျင်တပ်ရင်း-ခလရ(၃၉) ပစ်ခတ်တိုက်ခိုက်ခံရသည့် နိုဝင်ဘာလ (၁၇)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ရင်းတစ်ခုမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ကျောက်တံခါး ကျေးရွာအနီးရှိ ကွမ်းသီးခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသလို ပင့်သီလာကျေးရွာအနီး တွင်လည်း (၁၂၀)မမ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သေးကြောင်း နယ်ခံအမျိုးသားတစ်ဦးက ပြောသည်။

 “သောကြာနေ့(၁၇ ရက်နေ့) ညပိုင်းက စစ်တပ်ကနေပြီး လက်နက်ကြီး(၃)လုံး လှမ်းပစ်တယ်။ ကျောက်တံခါး ရွာဘက်က ကွမ်းခြံထဲကျတော့ ဘယ်သူမှဘာမှမဖြစ်ဘူး။ နောက်တစ်ခုက အဲ့နေ့ညပိုင်းပဲ ခလရ(၃၉)နဲ့ ဘာမှ မဆိုင်တဲ့ဘက်က ပင့်သီလာရွာနားမှာလည်း (၁၂၀)မမ တစ်လုံးကျတယ်။ အရင်တုန်းက ဒီလောက်မထုဖူးဘူး၊ အခုက သူ့ဟာသူပတ်ပစ်နေတာ။” ဟု ၎င်းနယ်ခံက ပြောသည်။

ထိုသို့ စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကြောင့် တောင်ငူမြို့နယ် အတွင်းရှိ နဂါးမောက်ရွာအပါအဝင် ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်း၊ ရေဆင်းကုန်း အစရှိသည့် ကျေးရွာ များမှ လူဦးရေ‌ထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးနေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီနေသူ ဒေသခံများ ထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇)ရက်နှင့်(၁၈)ရက်နေ့တွင် နှစ်ရက်ဆက်တိုက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် ခလရ-၃၉ အနီးရှိ စပါးလင်ကုန်းကျေးရွာမှ ဒေသခံ(၄)ဦး သေဆုံးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...