KNU တပ်မဟာ ၆ နယ်မြေ နေရာ ၇ ခုတွင် တပြိုင်တည်းတိုက်ပွဲဖြစ်ပွားနေ

KNU တပ်မဟာ ၆ နယ်မြေ နေရာ ၇ ခုတွင် တပြိုင်တည်းတိုက်ပွဲဖြစ်ပွားနေ

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်စခန်း နှင့် စစ်ကောင်စီစစ်ကြောင်းနေရာ ၇ ခုတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေသည်ဟု စစ်မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီစစ်ကြောင်းနေရာ ၇ ခုတွင် KNLA မဟာမိတ်ပူးပေါင်းတပ်များက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇မှစတင်ပြီး  ပိတ်ဆို့ တိုက်ခိုက်တိုက်ပွဲ ဖော်ဆောင်နေခြင်းဖြစ်သည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

“တိုက်ပွဲက ဝေါလေ၊ ကနဲလေး၊ တံခွန်တိုင်၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း၊ ကျုံဒိုး၊ ကော့ကရိတ် ၇ နေရာ ဖြစ်နေတာ။ တိုက်ပွဲတွေက ညအထိစစ်တပ်က ပစ်ထုတ်တယ်။ သူတို့ဆီကို ကရင်အဖွဲ့၊ PDF အဖွဲ့တွေ ပြန်ကပ်လာပြီး တိုက်ခိုက်မှာ ကြောက်ကြတယ်”ဟု  ကြာအင်းဆိပ်ကြီးစစ်ရေးနယ်မြေ သတင်း အရင်းအမြစ်က ပြောသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ရဟတ်ယာဉ်တို့ဖြင့် ပစ်ကူပေး တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်ထိခိုက်သေဆုံးမှုရှိသည်ဟုလည်း ၎င်းစစ်မြေပြင် သတင်းအရင်း အမြစ်က ဆက်ပြောသည်။

“နိုဝင်ဘာ ၂ ရက်က  အရပ်သားတွေ ကြာအင်းဆိပ်ကြီးက ရပ်ကွက်တွေထဲ စစ်တပ် လက်နက် ကြီးကျတာမှာ ၂ ယောက်သေ၊ ၅‌ ယောက် ဒဏ်ရာရတယ်။ တချို့ မော်လမြိုင်ဆေးရုံ ပို့ရတယ်။ ၂၇ ရက်က ကော့ကရိတ်မှာအရပ်သား ၅ယောက်သေတယ်။ အယောက်၂၀ လောက်ဒဏ်ရာရတာရှိနေ တယ်။ ”ဟု ပြောသည်။

ယနေ့ နိုဝင်ဘာလ ၃ရက် နံနက်အထိ စစ်မြေပြင်နေရာအချို့တွင် ပစ်ခတ်မှုဆက်ရှိနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးသည့် အခြေအနေနှင့် စစ်ရေးအခြေအနေများကို ထုတ်ပြန်ချက်ထုတ်ပြန်သွားမည်ဟု KNLA ပူးပေါင်းစစ်ကြောင်း ဒရုန်းတပ်ဖွဲ့ဘက်က ကေအိုင်စီသို့ ပြောဆိုသည်။

KNLA ပူးပေါင်းဒရုန်းတပ်ဖွဲ့ဝင်က “မနေ့က ကြာအင်းဆိပ်ကြီးမှာ မြို့ထဲက စစ်ကောင်စီ တပ်စွဲ ထားတဲ့ နေရာတွေကို ဒရုန်းနဲ့ဗုံးချတယ်၊ မြေပြင်ဝင်ပစ်တယ်၊။ သူတို့ဘက်က ရဟတ်ယာဉ်နဲ့ နှစ်ခေါက် လာပစ်တယ်။ ကျနော်တို့ ဘက်က ၂‌‌ ယောက်ကျတယ်၊ တခြားစစ်ကြောင်းတွေ ဘက်ကလည်း ကျဆုံး တာ ရှိတယ်။ စစ်တပ်ဘက်ကတော့ ဒရုန်းဗုံးပေါက်တာမှာ သေတာထိတာတွေမော်လမြိုင်ဘက်ကို သယ်တာတော့ရှိတယ်။ အရေအတွက်က တော့များမယ်။ တိုက်ပွဲထုတ်ပြန်ချက်ထုတ်ဖို့တော့ လုပ်နေတယ်”ဟု ပြောသည်။

လက်ရှိ ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း တော်လှန်ရေးပူးပေါင်းတပ်များ စစ်ရေးဖော်ဆောင်မှု အရှိန်မြှင့်လာနေသလို စစ်ကောင်စီတပ်ဘက်ကလည်း စစ်ဆင်ရေးအရှိန်မြှင့် တိုက်ခိုက်မှု၊ လက်နက်ကြီး နေ့စဉ်ပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်ဗုံးကြဲမှု၊ ကင်ထောက်ပျံသန်းမှု၊ BGF ကရင်နယ်ခြား စောင်တပ်ဘက်မှ စစ်ကူအင်အား၊ လက်နက်ခဲယမ်းအင်အားဖြည့် ပို့ဆောင်ပေးမှုများ နေစဉ် လုပ်ဆောင် ပေးနေကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများ သွားလာ ရေးခက်ခဲနေပြီး ကျေးရွာနှင့် ရပ်ကွက်များကို စွန်ခွာ၍ ဖားအံ၊ မော်လမြိုင်၊ ရန်ကုန်မြို့ များဘက်၊ ထိုင်း-မြန်မာနယ်စပ်ကျေးနယ်များဘက်သို့ နေရပ်ရွှေ့ပြောင်းနေထိုင်မှု ပိုများလာနေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများက ပြောသည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...