အန္တရာယ်ကြား စိုးရိမ်ပူပန်မှုကြားက ချောင်းခဲလုပ်ကိုင်နေတဲ့ ဦးကျော်ကျော်

အန္တရာယ်ကြား စိုးရိမ်ပူပန်မှုကြားက ချောင်းခဲလုပ်ကိုင်နေတဲ့ ဦးကျော်ကျော်

ပူပြင်းလှတဲ့ နေပူပူအောက်မှာ တလှုပ်လှုပ်နဲ့ ဦးကျော်ကျော်တို့ ဇနီးမောင်နှံဟာ မိသားစုဝမ်းရေးအတွက် ချောင်းခဲ ဆွဲနေ‌တာဖြစ်ပါတယ်။

ချောင်းခဲဆွဲတယ် ဆိုတာ ချောင်းထဲမှာ ရေစီးနဲ့အတူမျောပါလာတဲ့ ခဲ တွေကို ဆယ်ယူတာဖြစ်ပါတယ်။

ဆယ်ယူတဲ့နေရာမှာ ခဲချည်း သီးသန့်ရတာမဟုတ်ပါဘူး။ ခဲနဲ့အတူ သဲတွေရောပြီး ပါလာတာကြောင့် ဇလားထဲ ထည့်ပြီး ပြန်ဆေးရတာ ဖြစ်ပါတယ်။

ဦးကျော်ကျော်နဲ့ ဇနီးဖြစ်သူတို့ ချောင်းခဲလုပ်တဲ့ နေရာလုပ်ကွက်ဟာ နေအိမ်နဲ့ ၄၅ မိနစ်ခန့် ဆိုင်ကယ်စီးပြီး သွားရပါတယ်။ လမ်းမှာ စစ်ကောင်စီတပ် ရဲ့ စစ်ဆေးရေးဂိတ် နှစ်ခုကို ဖြတ်ကျော်ပြီးမှသာ ခဲမဖြူရွာအနီးအနား က လုပ်ကွက်ကို ရောက်ရှိတာပါ။

ယခုနှစ် နှစ်လယ်လောက်က စပြီး ဦးကျော်ကျော်တို့ နေထိုင်တဲ့ ဖားဆောင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေတာ ကြောင့် တချို့ရက်တွေဆို အလုပ်မသွားရပါဘူး။

တိုက်ပွဲဖြစ်ပွားလို့ အိမ်မှာ တရက်နှစ်ရက်နားတာက ကိစ္စမရှိပေမဲ့ တပတ်လောက် အလုပ်နားလိုက်ရပြီဆိုရင် အိမ်ရဲ့ စားဝတ်နေရေး ကြပ်တည်းလာတယ်လို့ ဦးကျော်ကျော် ကပြောပါတယ်။

“ပုံမှန်လုပ်စားနေရရင်တော့ အခက်အခဲက အဲ့လောက်မရှိဘူး လည်ပတ်မှုရှိတယ်။ တပတ်စာ တပတ်စာ လည် ပတ်မှုတော့ ရှိတယ်။ တခုတော့ရှိတယ် ဒီတပတ်လုပ်ရပြီး နောက်တပတ်လုံးလုံး မလုပ်ရရင်တော့ အဲ့ဒါတမျိုး။ ဘာဖြစ်လို့လဲဆို ကုန်ဈေးနှုန်းက ကြီးနေတာကော။ အခုတသောင်းက သွားဝယ်ရင် ဘားမှမရဘူး။ စားဆီလေး တဘူးနဲ့ ဟင်းချက်စရာလေး၊ ကန်စွန်းရွက်ဆိုလဲ တွက်ကြည့်အုံးလေ။ ကန်စွန်းရွက်ဆိုလဲ တစီး(၅၀၀) သေးသေး လေး အဲ့ဒါ။ နှစ်ထောင်သုံးထောင်ဖိုးမှ တခါချက်ပဲရတယ်” လို့ ဦးကျော်ကျော်က ပြောပါတယ်။

ဦးကျော်ကျော်တို့ ရဲ့ ချောင်းခဲဆေးတဲ့ အလုပ်ဟာ တရက်ကို ခဲ ပျမ်းမျှ တပိဿာကျော်လောက်ရနိုင်ပြီး၊ တပိဿာကို ကျပ် နှစ်သောင်းခွဲ အထိစျေးရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့်အပြင် အလုပ်အကိုင်ပုံမှန်မရှိနေတဲ့အတွက် ချောင်းခဲဆေးသူတွေအဖို့ အခက်အခဲရှိနေကြတာပါ။

ဦးကျော်ကျော်ရဲ့ နေအိမ်နဲ့ ချောင်းခဲလုပ်ကွက်ကြား လမ်းခုလတ်တနေရာမှာ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွား တတ်တာကြောင့် သေနတ်သံကြားရတဲ့ရက်တွေမှာဆိုရင် အလုပ်ခွင်ကိုမသွားတော့ပဲ အိမ်မှာပဲ နေကြပါတယ်။

ဦးကျော်ကျော်မှာ ၁၂ နှစ်အောက်အရွယ် သားတဦးနဲ့ သမီးတဦး စုစုပေါင်း မိသားစုဝင် (၄)ယောက်ရှိပါတယ်။

ဦးကျော်ကျော်နဲ့ သူ့ရဲ့ဇနီးတို့ဟာ မနက် ချောင်းခဲလုပ်ဖို့ထွက်လာပြီဆိုရင် အန္တရာယ်ကြုံတွေ့နိုင်တာကြောင့် ကလေးတွေကိုဘေးအိမ်မှာ အပ်ထားခဲ့ပြီး ချောင်းခဲလုပ်ကွက်ကို သွားကြတာဖြစ်ပါတယ်။

“စိုးရိမ်လည်း အခြေနေကြည့် အခါကြည့်ပြီးတော့ သွားရတာပဲ။ သူငယ်ချင်းအပေါင်းသင်းတွေဆီက နည်းနည်း ပါးပါး လေ့လာနားထောင်ပြီးတော့ ဒီလိုပဲလာရတာပဲ။ ညောင်သီးလည်းစား လေးသံလည်းနားထောင်ပေါ့” လို့ ဦးကျော်ကျော်က ဆိုပါတယ်။

ဦးကျော်ကျော်တို့ ဇနီးမောင်နှံဟာ နိုင်ငံရေးကောင်းခဲ့စဉ်ကတော့ မနက် မိုးမလင်းခင်ထပြီး အလုပ်ခွင်ကိုသွား၊ ညမိုးချုပ်မှ အိမ်ပြန်လာကြပေမဲ့၊ ခုလို ခေတ်ကာလအခြေအနေ မကောင်းတဲ့ နောက်ပိုင်းတော့ နေမြင့်မှ အလုပ် ခွင်ကို သွားကြပြီး ညမမှောင်ခင် စောနိုင်သမျှ စောအောင် အိမ်ပြန်ကြရပါတယ်။

ဦးကျော်ကျော်လိုပဲ အခြား ချောင်းခဲဆွဲသူ‌တွေဟာ မိသားစုဝမ်းရေးအတွက် အန္တရာယ်ကြား သွားလာ ရုန်းကန်နေ ကြသူ‌တွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။

Most read this week

October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းက ပွန်ချောင်းစစ်ရှောင်စခန်းမှာ ရေဘေးကြောင့်...
October 16, 2024
ရာဂီမုန်တိုင်း နောက်ဆက်တွဲကြောင့် ရေဘေးသင့်ခဲ့တဲ့ ကရင်နီလူထုတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက်...
October 16, 2024
လွိုင်ကော်မှာ တက္ကသိုလ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဆောင်ရွက်နေလျက်ရှိပြီး...