ဖာပွန်မြို့တွင် ရိက္ခာပြတ်လပ်မှုအပြင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲဖြစ်နေ

ဖာပွန်မြို့တွင် ရိက္ခာပြတ်လပ်မှုအပြင် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရရှိဘဲဖြစ်နေ

ကရင်ပြည်နယ်၊ ဖာပွန်မြို့တွင် သွားလာရေးအတွက် ကုန်းလမ်းနှင့် ရေလမ်းကြောင်း နှစ်ခုစလုံးကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့အစည်းများ ပိတ်ဆို့ထားရပြီးနောက် စားနပ်ရိက္ခာပြတ်လပ်နေသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှုလည်း ထိရောက်စွာ မရရှိသည့် အခက်အခဲနှင့်ပါ ကြုံတွေ့နေရကြောင်း ဖာပွန် ဒေသခံပြည်သူ များက ပြောသည်။

ဖာပွန်မြို့တွင် ယခင်က ဆေးရုံဆေးခန်းများ၌ ဒေသခံပြည်သူများက အချိန်မီကျန်းမာရေး စောင့်ရှောက်မှုများ ရရှိခဲ့သော်လည်း လက်ရှိတွင် အစိုးရကျန်းမာရေးဝန်ထမ်းအများစုက အာဏာဖီဆန်ရေး-CDM ပြုလုပ်ထား ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခြင်းတို့ကြောင့် မြို့ပေါ်ရှိ ပြည်သူများသည် အချိန်မီ ဆေးကု သခွင့် မရရှိသည့်အတွက် စစ်ကောင်စီတပ်၏ စခန်းနှင့် ဆေးခန်းများတွင်သာ စိုးရိမ်စိတ်များဖြင့် ကုသနေကြရ သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီမှာဆေးခန်းမရှိတော့ စစ်တပ်ထဲကိုပဲ သွားပြီးပြရတာပေါ့။ အရင်တုန်းကတော့ ဆေးခန်းရှိတယ်။ အခုတော့ ဆေးခန်းတွေမရှိတော့ဘူး လေ။ ကျန်းမာရေး ဆရာဝန်ဆရာမတွေကလည်း CDM လုပ်ကြတာကုန်နေပြီး။ အဲ့ဒါ ကြောင့် တစ်ခုခု ဖြစ်တာနဲ့ စစ်တပ်ဆေးခန်းပဲ သွားရတယ်။ ဆေးကုရတာက အဆင်မပြေပေမဲ့ ဒီလိုပဲစိုးရိမ်စိတ် နဲ့ ခက်ခက်ခဲခဲနဲ့ နေနေရတာပေါ့” ဟု ၎င်းက ပြောသည်။

ဖာပွန်မြို့တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်ကတည်းကစပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားအောက်တွင်ရှိသည့်  ကျန်း မာရေး၊ ပညာရေး နှင့် အခြားဌာန ဆိုင်ရာလုပ်ငန်းစဉ်များလည်း လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရပ်တန့်နေ လျက်ရှိကြောင်းကေအဲန်ယူ၏ ပြောဆိုချက်အရ သိရသည်။

ထို့အပြင် ဖာပွန်မြို့တွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်များ အကြားမကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့နှင့်နီးစပ်သည့် ကျေးရွာနေဒေသခံလူထုများအနေဖြင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအသောက်ဆေးဝါးလိုအပ်ချက်များရှိနေကြောင်းလည်း စစ်ဘေးရှောင်နှင့်နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “လက်နက်ကြီးသံ သေနတ်သံကတော့ ညတိုင်းလိုလိုကြားရတယ်။ တစ်ခါတစ်လေအိမ်နားမှာ စစ်တပ် စခန်းကို တက်သိမ်းရင် အိမ်ကလူတွေကို နေရာရွှေ့ထားရတယ်။ တိုက်ပွဲဖြစ်လိုက် ပြေးလိုက်ပြန်ငြိမ်ရင် အိမ်ပြန် လိုက်ပဲ နေနေရတယ်။ လယ်ထဲမှာ စပါးတွေလည်း ကုန်တာနဲ့ ပိုးကျတာနဲ့ စားစရာတွေလည်းမရှိတော့ဘူး။ ပိုက် ဆံကချေးပြီး ရှာကျန်ရသေးတယ်။ မရတာက ဆေးတွေ စားစရာတွေ အကုန်ဘာမှ မရှိတော့တာ”ဟု ပြောသည်။

ဖာပွန်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများပြတ်လပ်နေသည့်အပြင် ဆန်မရရှိမှုကြောင့် ဆန်ပြုတ်သောက်နေရသည့် အခြေအနေအထိရှိလာနေကြောင်း ဒေသခံပြည်သူများက ပြောသည်။

Most read this week

October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...