စစ်ကောင်စီတပ်သား ၅ ဦး ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိ

စစ်ကောင်စီတပ်သား ၅ ဦး ကို လက်နက်နဲ့အတူ ဖမ်းဆီးရမိ
KIA နဲ့ ရက္ခိုင်တပ်တော် AA တို့က လက်နက်နဲ့အတူ အရှင်ဖမ်းဆီးရမိတဲ့ စစ်တုံ့ပန်း ၅ ဦး (Photo- CJ)
KIA နဲ့ ရက္ခိုင်တပ်တော် AA တို့က လက်နက်နဲ့အတူ အရှင်ဖမ်းဆီးရမိတဲ့ စစ်တုံ့ပန်း ၅ ဦး (Photo- CJ)

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ ရှန်းထုန်းတောင် (Shang Htung Bum) တပ်စခန်းကနေ နွမ်လန့်ဘက် ကို စစ်ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီး လက်နက်ပစ္စည်းအပါ တပ်သား ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရှန်းထုန်းတောင်ကနေ စစ်ကောင်စီတပ်သား ၁၅ ဦး ဆင်းလာစဉ် နွမ်လန့် မရောက်မှီ ၂ မိုင်အကွာမှာရှိတဲ့ ပန်းဆပ် (Pang Sak) ရွာဟောင်းအနီးမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ ရက္ခိုင့်တပ်တော် AA တို့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့စစ်ကြောင်း ဆင်းလာတာကို KIA က ကြားဖြတ်ဝင်တိုက်ခိုက်ခဲ့တဲ့ သဘောပါ။ ရွာနဲ့က ၂ မိုင်လောက်မှာ ရှိ မယ်။ အရင်ကတော့ ပန်းဆပ်ရွာလို့ခေါ်ကြတယ်။ အဲ့ဒီရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ဒါနီချောင်းအနားမှာ KIA က တိုက်ခိုက်လိုက်တာ ဖြစ်တယ်။ ဖမ်းဆီးရတဲ့သူတွေနဲ့ လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းနိုင်တယ်လို့ ပြော တယ်” နွမ်လန့်ဒေသခံတစ်ယောက်က KNG ကို ပြောပါတယ်။

ရှန်းထုန်းတောင် စစ်ကောင်စီတပ်စခန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးထဲမှာ ၂ ဦးက တိုက်ပွဲ နေရာမှာ သေဆုံးသွားပြီး ၅ ဦးကို ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်နဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါ တယ်။ ကျန် ၈ ဦးကတော့ ထွက်ပြေးလွတ်မြောက် သွားတယ်လို့ ရှေ့တန်း KIA သတင်းအရင်းအမြစ်ရဲ့ ပြောပြ ချက်အရ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းတွေကတော့ သေနတ် ၅ လက်၊ ကျည်ဆံအတောင့် တစ်ထောင်ကျော်၊ ၄၀ မမ အလုံး ၂၀ ကျော် နဲ့ စစ်ယူနီဖောင်းအများအပြား ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ ၅ ဦးမှာ သုံးပွင့် ဗိုလ် ၁ ဦးပါဝင်ပြီး အဲ့ဒီတပ်ဖွဲ့တွေဟာ လကုန်ရက်မှာ နွမ်လန့်တပ်စခန်းထဲ စစ် ရိက္ခာများ လာရောက်သယ်ယူဖို့ ဆင်းလာတဲ့အချိန်မှာ တိုက်ခိုက်ခံရတာလို့ သတင်းအရင်းအမြစ်တွေက ပြောပါ တယ်။

အဲဒီနေရာမှာ အောက်တိုဘာလ ၂ ရက်နေ့၊ မနက်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...