ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုပါ မီးရှို့ဖျက်ဆီး

ကသာမှာ စစ်ကောင်စီတပ်က အရပ်သား ၈ယောက်သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၄ လုံးကိုပါ မီးရှို့ဖျက်ဆီး
စက်တင်ဘာလ ၁၇ ရက်နေ့မီးရှို့ခံခဲ့ရတဲ့ တုတ်ကြီးရွာနဲ့သတ်ဖြတ်ခံထားရတဲ့ အရပ်သားများ
စက်တင်ဘာလ ၁၇ ရက်နေ့မီးရှို့ခံခဲ့ရတဲ့ တုတ်ကြီးရွာနဲ့သတ်ဖြတ်ခံထားရတဲ့ အရပ်သားများ

ကချင်ပြည်နယ် ဗန်းမော်ကို ဦးတည်တက်လာနေတဲ့ စစ်သင်္ဘောတွေပေါ်မှာ ပါလာတဲ့ စစ်သားတွေဟာ ကသာမြို့နယ် တုတ်ကြီးရွာက နေအိမ် ၃၄ ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ၈ ယောက်ကို သတ်ဖြတ်သွားတယ် လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘော ၆ စီးက တုတ်ကြီးရွာကို ဝင်ရောက်စီးနင်းပြီး အရပ်သား ၈ ယောက်ကို သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ကာကွယ်ရေးတပ်တွေ ဆုတ်သွားတဲ့ အချိန်ကျတော့ တုတ်ကြီးရွာထဲကို ဝင်ပြီး ရွာသားတွေကို ပစ်သတ်တယ်။ ရွာကိုမီးရှို့တယ်။ လက်ရှိ ရုပ်အလောင်း မျက်မြင်က ၄လောင်း၊ မီးရှို့ထားတာက ၂ လောင်း။ ဘယ်သူမှန်းတောင် ပုံဖော်လို့ မရတော့ဘူး။ ပုံမပျက်ပဲ သေနတ်နဲ့ ပစ်သတ် ရိုက်သတ်တာက ၂ လောင်း။ နောက်ပြီးတော့ ကမ်းနား မှာက ဦးနှောက်အဆီဖက်တွေ ထွက်ပြီး သွေးကွက်တွေနဲ့ ရေထဲကို ဆွဲချထားတယ်လို့ ယူဆထားတဲ့ ရုပ်အလောင်းက သုံးလောင်း။ ရေထဲကိုပစ်ချတာက တစ်လောင်း စုစုပေါင်း ၈ ယောက်ပေါ့” လို့ ပြောပါတယ်။

သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၈ ယောက်ထဲက နှစ်ယောက်ကတော့ သံပုရာကုန်းရွာသစ်က အသက် ၂၉ နှစ် အရွယ် ကိုရဲမောင်မောင်၊ သံပုရာကုန်းရွာဟောင်းက အသက် ၃၇ နှစ်အရွယ် ကိုဥာဏ်ထွန်းတို့ ဖြစ်ပြီး ကျန်ရုပ် အလောင်းတွေကတော့ ရုပ်တွေ အတော်လေးပျက်ကုန်လို့ အတည်ပြုနိုင်ရေး အခက်အခဲဖြစ်နေကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ့ ရွာကို မစီးနင်းခင်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ရေကြောင်းအတိုင်းတက်လာတဲ့ စစ် သင်္ဘောတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး မြေပြင်မှာလည်း တိုက်ပွဲတွေ ပြင်းထန်ခဲ့သေးတယ်လို့ ဆိုကြ တယ်။

အဲ့ဒီနောက်မှာတော့ တုတ်ကြီးရွာကို စစ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာသားတွေကို သတ်ဖြတ်ခဲ့တာလို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက် အတည်ပြုပါတယ်။

“မနေ့က မနက်၇နာရီလောက်မှာ ကသာကနေ ဆန်တက်ခဲ့တာ အဲ့တာကိုသတင်းရတော့ ကျနော်တို့လည်း တုတ် ကြီးရွာနားကနေ နေရာယူထားတာ။ အဲ့မှာသူတို့က အရင်ပစ်တာ ခေါင်းမဖော်နိုင်အောင်ကို ပစ်တာ။ ကျနော်တို့ လည်း ပြန်ပစ်တယ်။ သူတို့လည်း တော်တော်ထိသွားတယ်။ မြေပြင်မှာကလည်း အနီးကပ် တိုက်ပွဲ ဖြစ်ခဲ့တယ် ပုံမှန်ဆိုရင် ရေကြောင်းတွေက ပြန်ဆန်တက်သွားပေမဲ့ အခုကတော့ တစ်ခါမှမလုပ်ဘူးတဲ့ အလုပ် လုပ်သွားတာ” လို့ ပြောပါတယ်။

အဲ့ဒီ စစ်သင်္ဘောတွေဟာ စက်တင်ဘာလ ၁၈ ရက်နေ့၊ မနက်ပိုင်းမှာပဲ ဧရာဝတီမြစ် အထက်ဘက်ကို ဆန်တက် သွားပြီး ရွှေကူ အမှတ် ၂ ရွာသစ်မြစ်ကမ်းနံဘေးမှာ ကပ်ထားတဲ့ ရွှေမော်တော်ယာဉ် အပါအဝင် ပြည်သူတွေရဲ့ စက်လှေတွေကိုလည်း မီးရှို့သွားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ဗန်းမော်ဘက်ကို စစ်သားအင်အား ၃၀၀ ခန့်၊ လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာတွေတင် လာတဲ့ စစ်သင်္ဘော ၉ စီး ဆန်တက်ခဲ့ပါတယ်။

အဲ့ဒီ စစ်သင်္ဘော ၉ စီးကလည်း ပြီးခဲ့တဲ့ ဩဂုတ်လ နောက်ဆုံးအပတ်ထဲ မန္တလေးကို ပြန်ဆိုက်ကပ်ပြီး ၁၀ ရက် လောက်အကြာမှာတော့ အခုလို စစ်သင်္ဘောတွေ အထက်ဘက်ကို ပြန်ဆန်တက်နေတာ ဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဦးတည်နေတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သုံးသပ်ကြပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...