ဒေသခံ ပြည်သူပိုင်မြေများ စစ်အရာရှိတစ်ဦးက အကွက်ချ ရောင်းချ

ဒေသခံ ပြည်သူပိုင်မြေများ စစ်အရာရှိတစ်ဦးက အကွက်ချ ရောင်းချ
ဓါတ်ပုံ - Crd
ဓါတ်ပုံ - Crd

ကချင်ပြည်နယ်၊ မြောက်ဖျားပိုင်း ပူတာအိုမြို့ရှိ ရဝမ်လူမျိုးများ၏ မနောကွင်းအနီးက ဒေသခံပြည်သူများ၏ တောင်ယာအခင်းများကို စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးက အကွက်ချရောင်းချနေသည်ဟု ဒေသခံများက ပြော သည်။

ရဝမ်လူမျိုးများ၏ မနောကွင်းအနီးပတ်ဝန်းကျင်ရှိ တောင်ယာအခင်း အဟောင်းများကို စစ်ကောင်စီ ဗိုလ်မှူး တစ်ဦးက တရားမဝင် အကွက်ချရောင်းချနေခြင်း ဖြစ်သည်ဟု ပူတာအိုဒေသခံတစ်ဦးကပြောသည်။

“မြေဂရမ်ပေါက်တာက တခြားတစ်ယောက်ပေါက်တာ။ မြေဂရမ် ရထားတာ မှန်တယ်။ ဒါပေမယ့် မြေဂရမ် မလုပ်ခင်မှာ အရင်ကတည်းကလည်း ခြံခတ်ပြီးတော့မှ နည်းနည်းပါးပါး စိုက်စားပျိုးစားတဲ့ တောင်သူတွေ ရှိ တယ်။ စလုပ်တုန်းကလည်း တောင်သူတွေမသိဘူး။ လုပ်လိုက်တယ် လုပ်လိုက်ပြီးတော့ အဲ့လူ ကိုယ်တိုင် မဟုတ်ဘဲ တခြားလူ ဖြစ်နေတာ အခုက။ ဆိုတော့ တခြားလူဖြစ်နေတဲ့ အခါကြတော့ မြေဂရမ်ရထားတဲ့သူဆီ က ဝယ်ထားတယ်လို့ ပြောတယ်တဲ့။ ဝယ်ထားတယ်လို့ ပြောတာက သူတို့အပြောပေါ့။ မြေဂရမ်ပြဆိုတော့ မပြနိုင် ဘူး။ သူတို့လည်း ဒီဘက်က တင်ပြထားတာရှိတယ်” ဟု ပြောသည်။

ပိုင်ရှင်များ မသိအောင် မြေဂရမ်ပေါက် လုပ်ကိုင်ပြီးနောက် အကွက်ရိုက်ကာ ထပ်ဆင့်ရောင်းချနေခြင်းမျိုး ဖြစ်သည်ဟု ဆိုကြသည်။

ယခု စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးက အကွက်ချရောင်းချနေသည့် မြေဧကမှာ အိမ်ထောင်မိသားစု ၁၀ စု၏ ဘိုးဘွားပိုင် မြေနေရာဖြစ်ပြီး မြေဧကအားဖြင့် ၁၀ ဧကကျော် ရှိသည်။

လက်ရှိအဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ မိရိုးဖလာလုပ်ကိုင်စားသောက်လာကြသည့် မြေပိုင်ရှင် အိမ်ထောင် စု ၁၀ စုကျော်က လက်မှတ်ထိုးကာ ဖြေရှင်းစိစစ်ပေးရန် သက်ဆိုင်ရာကို စာပို့ထားသည်ဟု ဒေသခံများက ပြော သည်။

ပူတာအိုဒေသခံ တစ်ဦးက “သူတို့က မိရိုးဖလာ လုပ်ခဲ့ကြတာပေါ့။ လုပ်ခဲ့တဲ့ဟာ မြေဂရမ်ဖောက်ထားတဲ့ လူဆီ က ဝယ်ထားတဲ့ သူဆီက ဝယ်ထားတယ်လို့ပြောတယ်။ သူကလုပ်တာ မြေဂရမ်ပြဆိုတော့ မပြနိုင်ဘူး။ မြေဂရမ် ပေါက်ထားကတော့ တခြားသူရဲ့ နာမည်နဲ့ ပေါက်ထားတာ တခြားလူဆိုတာက အဲ့တောင်သူတွေက မသိဘူးပေါ့။ ဘယ်ချိန်ပေါက်လို့ ပေါက်မှန်းမသိဘူး။ ဒေသခံတွေက အဲလုပ်စားတာက ၁၀ အိမ်လောက်ရှိတယ်။ ငယ်ငယ်က တည်းက လုပ်စားလာတာ။ ၁၀ ဧကကျော်လောက်ရှိမယ်။ အဲ့လို အကွက်ချပြီးတော့မှ ရောင်းနေတယ်။ အခု လောလောဆယ်တော့ ရပ်နေတယ်။ စိစစ်ပေးဖို့ တောင်သူတွေ လက်မှတ်ထိုး တောင်းဆိုထားတယ်” ဟု ဆက် ပြောသည်။

ရဝမ်လူမျိုးများ၏ မနောကွင်းအနီးပတ်ဝန်းကျင်ရှိ တောင်ယာအခင်း အဟောင်းများကို အကွက်ရိုက် ရောင်းချနေမှုနှင့် ပတ်သက်၍ မူးရင်းဓါးမဦးချ လုပ်ကိုင်စားသောက်လာကြသည့် မြေပိုင်ရှင်များအနေဖြင့် ဗိုလ်မှူးတစ်ဦးက အကွက်ရိုက် ရောင်းချနေခြင်း ဖြစ်သည်ကိုသာ သိထားရပြီး အသေးစိတ်ကို မသိရသေးဘူးဟု ဆိုသည်။

ဒေသခံများပြောနေသည့် ဗိုလ်မှူးဆိုသူမှာလည်း မည်သူမည်ဝါဖြစ်ကြောင်း မသိရဘဲ လက်ရှိ အဆိုပါ မြေရောင်း ချမှုလုပ်ငန်းများကို ကိုယ်စားလှယ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဆိုကြသည်။

၎င်းတို့ဒေသအတွင်း ထိုသို့ ပြည်သူပိုင်မြေယာများကို ပိုင်ရှင်များမသိအောင် မြေဂရမ်အမည်ပေါက်လုပ်ကာ ပြန်လည်ရောင်းချမှုမှာ ယခုဖြစ်သည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် မည်သူမည်ဝါကို တိုင်ကြားရမည် အကူအညီတောင်းရမည်ကိုပင် မသိကြဘူးဟု ဆိုသည်။

သို့သော် ပူတာအိုဒေသတွင် နယ်ခံမဟုတ်သော အခြားသောမြို့နယ်များက လုပ်ငန်းရှင်အချို့က ဒေသခံများ ပိုင် ဆိုင်သည့် မြေယာများ၊ ဒေသခံများ အားထား လုပ်ကိုင်စားသောက်ရသည့် မြစ်များ၊ ချောင်းများဘေးတွင် အကွက်များခွဲကာ ရွှေလာရောက်တူးဖော်သည့် လုပ်ငန်းရှင်များ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာသည် ဟု ဆိုကြသည်။

ပူတာအိုမြို့တွင် ဩဂုတ်လအတွင်း၌လည်း မြို့အလယ်တွင်ရှိသည့် နမ်ထွမ်ချောင်းအား ရွှေတူးဖော်ရန်လုပ် ဆောင်လာမှုများ ရှိခဲ့သလို မြို့အနီးရှိ ချောင်းများတွင်လည်း စက်ယန္တယားများဖြင့် ရွှေတူးဖော်ခဲ့မှုကြောင့် ပျက် စီး ထိခိုက်မှုများ ရှိခဲ့သည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...