လူထုဇော်ဝင်းအပါအဝင် ၃ ဦးကို အမိန့်ချရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းနေခြင်းမှာ ပြည်သူကို လှည့်စားနေခြင်းဟု လူ့အခွင့်အရေး လှုပ်ရှားသူပြော

လူထုဇော်ဝင်းအပါအဝင် ၃ ဦးကို အမိန့်ချရန် အကြိမ်ကြိမ် ရွှေ့ဆိုင်းနေခြင်းမှာ ပြည်သူကို လှည့်စားနေခြင်းဟု လူ့အခွင့်အရေး လှုပ်ရှားသူပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ လူမှုရေး တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း အပါအဝင် ၃ ဦးတို့ အမှုကို အမိန့်မချဘဲ ရုံးချိန်းရက် အကြိမ်ကြိမ် ရွှေ့ဆိုင်းနေခြင်းမှာ တရား ဥပဒေကို လက်တစ်လုံးခြား လုပ်ကာ ပြည်သူ ကို လှည့်စားနေခြင်း ဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

ကျောက်တော်မြို့နယ်မှ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆို ခံထားရသည့် လူမှုရေး တက်ကြွလှုပ်ရှား သူ ဦးဇော်ဝင်း အပါအဝင် ၃ ဦးတို့ အမှုကို ဩဂုတ် ၂၉ ရက်နေ့တွင်လည်း အမိန့်မချဘဲ ထပ်မံ ရုံးချိန်းလိုက်ခြင်း ဖြစ်သည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက “ဒီဟာကနေပြီးတော့ တရား  ဥပ ဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ ပြည်သူကို လှည့်စားနေတယ်လို့ ပြောချင်တယ်။ ဘာလို့လဲဆိုတော့ သက် သေကို စစ်လို့စုံတယ်ဆိုတာနဲ့ ဒီလူကို ပြစ်ဒဏ်ချကို ချရမယ်။ ပြစ်ဒဏ်မချဘဲ ပြစ်ဒဏ်ရက်ကို ရွေ့ဆိုင်းနေတာ ဟာ ဖမ်းဆီးခံရတဲ့ သူတွေအနေနဲ့လည်း နစ်နာမှုတစ်ခုရှိတယ်။ အဲဒီမှာ တရားမျှတမှုမရှိ၊ ဘက်လိုက်တယ်၊ အဲ့လို မျိုးဖြစ်တယ်။ အဲ့ဒါကို တရားဥပဒေအရ ပြောရမယ်ဆိုရင် ဥပဒေကို ဥပဒေဘက်တော်သားတွေက တရားဝင် ချိုးဖောက်နေတာ ဖြစ်တယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောလို့ရတယ်” ဟု ပြော သည်။

ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရပြီး အမိန့်ချရန် ကျန်နေသူ ၃ ဦးမှာ ကျောက်တော်မြို့၊ ပြည်တော်သာ  ရပ် ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်း အသက် ၄၃ နှစ်၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက် အသက် ၂၈ နှစ်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး (ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင် အသက် ၅၁ နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ ၃ ဦးကို သြဂုတ်လ ၂၉ ရက်နေ့၊ နံနက် ၁၀ နာရီကျော်အချိန်က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံး ထုတ်ခဲ့သော်လည်း လာမည့် စက်တင်ဘာလ ၁၂ ရက်သို့ ရုံးချိန်းရက်ပေးပြီး အချုပ်စခန်းကို ပြန်ခေါ်သွားသည်ဟု အမှုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့ကိုက စစ်လည်းမစစ်၊ မေးလည်း မမေးဘူး။ ရုံးပေါ်ကိုတက်ပြီး ရပ်လိုက်တာနဲ့ ၁၂ ရက်နေ့ဆိုပြီး ထပ်ချိန်း တော့ ပြန်ထွက်သွားရပြီ” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ ကိုဇော်မိုးထက်၏ ဖခင်ဖြစ်သူက “ဒီလိုမျိုး အမိန့်မချတာက မတရားဘူးလို့ပဲ ပြောချင်တယ်။ နောက်ထပ် ငါတို့က ဘာမှ မတတ်နိုင်ဘူး။ သူတို့လုပ်သလို ခံရမှာပဲ၊ လွှတ်ပေးစေချင်တယ်။ လွှတ်ပေးပါလို့ပဲ ပြောချင်တယ်။ အသားအရောင်တွေလည်း ဖြူဖတ်ဖြူရော် ဖြစ်နေပြီးတော့ အသွေးအသား မရှိသလို ဖြစ်နေ တယ်။ နေမကောင်း မကြာမကြာဖြစ်နေတယ်။ ဒါပေမဲ့ ငါတို့ကတော့ အားတင်းပြီးတော့ နေခိုင်းထားတယ်။ အား ပေးရတာပေါ့။ သူတို့ စိတ်ပိုင်းဆိုင်ရာတွေလည်း ထိခိုက်မှုတွေရှိနေတယ်။ ငယ်သေးလို့ သူတို့ မပြောတတ်လို့ပါ။ သူ့မှာ အပြစ်ရှိတာလည်း မဟုတ်ဘဲနဲ့ မတရား ဖမ်းဆီးထားတာလို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

ထို့အပြင် လူမှုရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းတို့ မိသားစုတွင်လည်း အမျိုးသားဖြစ်သူ ဖမ်းဆီးခံထားရ သည့်အတွက် ကလေးနှစ်ဦးနှင့်အတူ စားဝတ်နေရေးကို ခက်ခက်ခဲခဲ ဖြေရှင်းနေရသောကြောင့် အမိန့် အမြန်ချ ပြီး လွှတ်ပေးစေချင်သည်ဟု ဇနီးဖြစ်သူက ပြောသည်။

“သားအငယ်ဆိုရင်လည်း ၂ နှစ်ကျော်ပဲရှိသေးတယ်။ သူက အမေနဲ့လည်း မနေရ၊ အဖေလည်း မရှိဆိုတော့ ကျမ လည်း စာသွားပြရင် သူတစ်ယောက်တည်း ကျန်ခဲ့တာပေါ့။ ကျမ အစ်မနဲ့ထားခဲ့တယ်။ နွေးထွေးမှုလည်း မရဘူး မိဘမေတ္တာကို။ စားဝတ်နေရေးကလည်း အဆင်ပြေသလို ဖြေရှင်းနေရတယ်။ ကျမမှာ လစာက ၁ သိန်းကျော်နဲ့ လောက်ငှတာက မဟုတ်ဘူး။ သားသမီး ကျောင်းစရိတ်တွေ ဘာတွေနဲ့ အားလုံး အကျပ်အတည်း ဒီလိုပါပဲ။ ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့လက်ထဲကို ရောက်သွားတော့ သူတို့ လုပ်သလို ခံနေကြရတာပါပဲ” ဟု ပြောသည်။

ကျောက်တော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၌ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားပြီး နောက်တစ်နေ့ ဇွန်လ ၂၁ ရက်နေ့တွင် ၎င်းတို့ ၃ ဦးကို စစ်ကောင်စီက အကြောင်းပြချက်မရှိ ဖမ်း ဆီးခဲ့ကာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ ၃ ဦး ဖမ်းဆီးခံခဲ့ရသည်မှာ ၁ နှစ်ကျော် ကြာပြီဖြစ်ပြီး အမှုကို အမိန့်မချဘဲ အချိန်ဆွဲထား ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၉ ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဦးမြတ် ထွန်းက ဆက်ပြောသည်။

“မတရားဖမ်းဆီးချုပ်နှောင်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအပိုဒ် ၉ ကို ချိုးဖောက်တယ် လို့ ပြောချင်တယ်။ ဘာလို့လဲဆိုရင် သူတို့က ပြစ်မှုပြစ်ဒဏ်ကို အကြာကြီး ဆွဲထားပြီးတော့၊ အရင်တုန်းက တရားဥပဒေ စိုးမိုးတဲ့အချိန်မှာ ပြစ်မှုတစ်ခုဟာ တစ်နှစ်ကျော် လောက်ကြာသွားရင် အမှုလက်ကျန်အနေနဲ့ အမှု စစ်တဲ့ သူကိုတောင် အရေးယူတာတွေရှိဖူးတယ်။ ရှိလည်းရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့က ကျရောက်ခဲ့သည့် ဒုတိယ ဝါဆိုလပြည့်နေ့တွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများကိုလည်း အမှုမှ လွှတ်ပေးခဲ့ရာတွင် ရခိုင်မှ AA နှင့် ဆက်စပ် သံသယဖြင့် တရားရင်ဆိုင်နေရသူ ၆၂ ဦး ပါဝင်ခဲ့သည်။

သို့သော်လည်း ရခိုင်တွင် AA နှင့် ဆက်စပ်ပြီး တရားရုံးတွင် အမှုရင်ဆိုင်နေရသူများမှာ ရာနှင့်ချီ၍ ကျန်ရှိနေသေး ပြည်နယ်အတွင်း စောင့်ကြည်နေသူများက ပြောသည်။

October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...