ဆေးကုမ္ပဏီအချို့ အရောင်းပိတ်ထားလို့ စျေးဆိုင်တွင် ဆေးများပြတ်လပ်

ဆေးကုမ္ပဏီအချို့ အရောင်းပိတ်ထားလို့ စျေးဆိုင်တွင် ဆေးများပြတ်လပ်

ပြည်ပက တင်သွင်းသည့် ဆေးများ စျေးတက်လာပြီးနောက် ဆေးကုမ္ပဏီအချို့ အရောင်းပိတ်လိုက်သည့် အတွက် မွန်ပြည်နယ်အတွင်းက ဆေးဆိုင်များတွင် ဆေးပြတ်လပ်မှုများ ရှိလာသည်ဟု ဆေးအရောင်းဆိုင် ပိုင်ရှင်များက ပြောသည်။

လက်ရှိတွင် ဆေးကုမ္ပဏီအများစုက အရောင်းပိတ်ထားကြပြီး၊ အချို့ကုမ္ပဏီကသာ ခွဲတမ်းစနစ်ဖြင့် ရောင်းချနေ ပေးသဖြင့် ဆေးဝယ်ယူရန် အခက်အခဲရှိနေကြောင်း မော်လမြိုင်မြို့မှ ဆေးဖြန့်ဖြူးသူတစ်ဦးက ပြောသည်။

“ဒေါ်လာတက်ပြီးကတည်းက အချို့ကုမ္ပဏီတွေက ပိတ်လိုက်တယ်။ ပြီးတော့ ဖွင့်ထားတဲ့ ကုမ္ပဏီတွေလည်း စျေးတင်ရောင်းပြီးတော့ ခွဲတမ်းနဲ့ ရောင်းနေတယ်။ ခွဲတမ်းဆိုတော့လည်း ကိုယ့်အရင်က ဆေးဝယ်မှတ်တမ်း တွေကို ကြည့်ပြီးတော့ အဲ့မှတ်တမ်းရဲ့ တစ်ဝက်ကိုပဲ ရောင်းချပေးတာ။ ကိုယ်လိုချင် တစ်လောက်လည်းမှာ လို့ မရဘူး။ မှာရင်လည်း တစ်ဝက်ပဲရတယ်။ ကုမ္ပဏီမှာ မဝယ်ပဲ အပြင်ကနေ ဝယ်ရင် စျေးကလည်းကြီး” ဟု ပြော သည်။

စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာသည့် အတွက် ပြည်ပက တင်သွင်းနေရသည့် ဆေးများ စျေးနှုန်းမြင့်တက်လာခဲ့သည်။

ဆေးစျေးကွက်တွင် ဆေးစျေးနှုန်းသည် ယခင်ကထက် ၃၀ ရာခိုင်နှုန်းခန့်အထိ စျေးမြင့်တက်လာသည်ဟု ဆေး ဖြန့်ဖြူးရောင်းချသူများက ပြောသည်။

“ဆေးကုမ္ပဏီတွေက သူတို့စိတ်တိုင်းကျ စျေးတွေတင်ရောင်းနေကျပဲ။ အရင်က ၅၀၀ တန်‌ ဆေးကဒ်တစ်ကဒ် ဆိုရင် အခုက ၁၅၀၀ ဖြစ်သွားပြီး။ ပြီးတော့ အချို့ဆေးတွေက မြန်မာနိုင်ငံကို တင်သွင်းဖို့ ပိတ်ပင်ထားတာရှိ တယ်။ အခုက အဲ့လိုမျိုး ဆေးတွေဆိုရင် ပိုပြီးတောင် စျေးတက်နေတာ” ဟု ဆေးအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆေးများ စျေးနှုန်းမြင့်တက်လာသည့်အပြင် ဆေးဆိုင်တွေမှာ ဆေးများ ပြတ်လပ်မှုပါရှိလာသည့် အတွက် ဆေးသုံးစွဲနေရသူများ ဝယ်ယူရရှိရန် အခက်အခဲကြုံတွေ့နေကြရသည်။

မွန်ပြည်နယ်တွင် ရောင်းဝယ်အသုံးပြုနေသည့် ဆေးများသည် ဆေးကုမ္ပဏီတို့မှ တဆင့် ဖြန့်ဖြူးရောင်းချသည့် ဆေးများရှိသလို အိမ်နီးချင်းထိုင်းနိုင်ငံမှ မှာယူတင်သွင်းရသည့် ဆေးများလည်းရှိသည်ဟု ဆေးအရောင်းဆိုင် များထံမှ သိရသည်။

Most read this week

October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...
October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...