ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများကို လာမည့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ရရှိသည့် လစာငွေအပေါ် ဝင် ငွေခွန် ၂ ရာခိုင်နှုန်း စတင်ကောက်ခံသွားမည်ဟု စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် လာသည်။
သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်သည့် အဆိုပါညွှန်ကြားစာထဲတွင် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းများ တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူများကို အခကြေးငွေပေးချေရာမှာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာ ရေးလုပ်ငန်းများက ဝင်ငွေခွန် ၂ ရာခိုင်နှုန်း နုတ်ယူထားရန် ပါဝင်သည်။
နုတ်ယူထားသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို နုတ်ယူထားသည့် နေ့မှစတင်ပြီး ၁၅ ရက်အတွင်း ငွေလက်ခံရရှိထား သူ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူ အမည်နှင့် သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၊ အလယ် အလတ် အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံးနှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတို့၏ ဘဏ်ငွေစာရင်းကို ပေးသွင်းမည်ဟု ဆိုသည်။
ပုဂ္ဂလိကဆရာဝန်တစ်ဦးက “အပြင်ကိုယ့်ဘာကို ဆေးခန်းထိုင်တဲ့ လူတွေဆိုရင်တော့ သူတို့က တစ်နှစ်တစ် ခေါက် သူတို့အခွန်သွင်းဖို့ ဆိုပြီးတော့ အမြတ်ခွန်ဆောင်ဖို့ စာပို့တယ်ပေါ့။ ပြီးရင်အခွန်ရုံးမှာ သွားသွင်းရတာပေါ့။ အဲဒီပုံစံမျိုး သွားတာပေါ့။ ရိုးရိုးဆရာဝန်ဆိုရင်တစ်မျိုး၊ နောက်အထူးကုဆရာဝန်ဆိုရင်တစ်မျိုး။ နောက်အဲဒီလို မျိုး ဆေးရုံ၊ ဆေးခန်းတွေမှာ ဆိုင်းဘုတ်တပ်ထားတယ်ဆိုလို့ရှိရင် ဆိုင်းဘုတ်ဘယ်နှစ်ခု တပ်ထားလဲပေါ့၊ ဘယ် ဆေးခန်းမှာ ဘယ်လိုတပ်ထားလဲ အဲဒီပုံစံမျိုးပါပဲ။ အဲဒါကလည်း သေသေချာချာ သဲသဲ ကွဲကွဲ နားမလည် သေး ဘူး အဲဒီစာရွက်ကိုလေ။ အဲဒီအခွန်ကောက်မယ်ဆိုတဲ့ဟာက ကျွန်တော်တို့တော့ ပုံမှန် အခွန်ဆောင်နေတာပဲ လေ။ နှစ်တိုင်းတစ်နှစ်တစ်ခါ အခွန်လာရင် အခွန်ပေးနေတာပဲပေါ့။ ဒီအခွန်ကျတော့ ဘယ်လိုလာမလဲမသိသေး ဘူး” ဟု ပြောသည်။
စစ်ကောင်စီ၏ ဝင်ငွေခွန်ကောက်ခံမှုကြောင့် လူနာများ ဆေးဝါးကုသစရိတ်အတွက် ကုန်ကျစရိတ် ပိုမိုမြင့်တက် လာနိုင်သည်ဟု အဆိုပါ ပုဂ္ဂလိက ဆရာဝန်က သံလွင်တိုင်းမ်ကို ပြောသည်။
“အခွန်ပေးရရင်တော့ ပိုအကုန်အကျများမှာပေါ့။ ဆေးခန်းပြတဲ့အခါ။ နောက်ဆုံးအရင်းစစ်လိုက်လို့ ကုန်တာက လူနာပဲပေါ့။ ဆရာဝန်ကတော့ အိတ်စိုက်ပြီးတော့ အခွန်ပေးဖို့မရှိဘူးလေ။ သူအခွန်ပေးရမယ့်တူတူ ပိုယူလိုက်မှာ ပေါ့။ ဒါပဲရှိတာကို၊ အခွန် ကောက်ရင်တော့ပြည်သူ့ပိုက်ဆံပဲ ပိုကုန်မှာပေါ့။”
စစ်ကောင်စီက ဝင်ငွေခွန်ကောက်မည့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများမှာ မြန်မာနိုင်ငံဆေးကောင်စီ၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ သူနာပြုနှင့် သားဖွားကောင်စီများမှ ဆေးကုသခွင့် လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသည့် ဆရာဝန်၊ သူနာပြု၊ သားဖွားလိုင်စင်ရရှိသူများနှင့် နည်းပညာကျွမ်းကျင်သူများ ပါဝင်သည်။
အဆိုပါ ဝင်ငွေခွန်များကို မြို့နယ်အခွန်ဦးစီးဌာနမှူးက ဝင်ငွေနှစ်ကုန်ဆုံးပြီးနောက် အခွန်စည်းကြပ်မှု ဆောင်ရွက် ရာတွင် ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးလုပ်ငန်းများကနေ နုတ်ယူပေးသွင်းခဲ့သည့် ဝင်ငွေခွန်ကို စည်းကြပ်မှု အရ ကျသင့်ဝင်ငွေခွန်မှ ပေးရမည်ဟု စစ်ကောင်စီက ဆိုထားသည်။
စစ်ကောင်စီ၏ ဝင်ငွေခွန်ကောက်ခံမှုမှာ အထူးကု ဆရာဝန်ကြီးများနှင့် သမားတော်ကြီးများ၏ ဝင်ငွေရရှိမှုအပေါ် စိစစ်လိုခြင်း၊ ပြည်တွင်းမှာအခွန်ရရှိမှု နည်းပါးနေသည့်အတွက် ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍမှ အခွန်ရှာခြင်း ဖြစ် သည်ဟု သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများကနေ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ သိန်းနှင့်ချီရှိသည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။