မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ကြဖို့ KSP တိုက်တွန်း

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပြည်သူလူထုတွေ ပူးပေါင်းပါဝင်ကြဖို့ KSP တိုက်တွန်း

ကရင်နီပြည် ရဲဌာန (KSP) ဖွဲ့စည်းပြီး ၂ နှစ်တာကာလအတွင်း အရေးယူဆောင်ရွက်နိုင်ခဲ့သည့် အမှုပေါင်း (၃၆၂) မှုရှိခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အမှုက အများဆုံးဖြစ်သောကြောင့် မူးယစ်ဆေးဝါးအမှု လျော့နည်း လာရေး ပြည်သူလူထုများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်သည်ဟု KSP တိုက်တွန်းထားသည်။

KSP သတင်းနှင့်ပြန်ကြားရေး ဌာနမှူး ကိုဘိုဘိုက “မူးယစ်ဆေးဝါးက ပြည်သူလူထုကို အကျိုးမပေးဘူးပေါ့နော်။ အဲ့ဒီအတွက်ကြောင့် မလို့ မူးယစ်ဆေးဝါး ပပျောက်ဖို့အတွက် ပြည်သူတွေက ပူးပေါင်းပါဝင်ပေးကြဖို့ ပြောလိုပါ တယ်။ ပူးပေါင်းပါဝင်တဲ့ နေရာမှာ နည်းလမ်းပေါင်းစုံရှိတယ်ပေါ့နော။ ရောင်းဝယ်ဖောက်ကား သုံးစွဲနေတာကို သတင်းပေးတာမျိုးလည်း ရတယ်။ လူငယ်တွေကို မူးယစ်ဆေးဝါးရဲ့ မကောင်းကြောင်းတွေ မူးယစ်ဆေးဝါးက ဘယ်လိုမကောင်းဘူးဆိုတာ မျိုးပေါ့နော။ ကိုယ့်ရဲ့သားသမီး ဆွေမျိုးတွေကို သွန်သင်ဆုံးမပေးတာမျိုးပေါ့။ အဲ့လိုမျိုးစုံနဲ့ အုတ်တချပ် သဲတပွင့်အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

ကရင်နီပြည်က တော်လှန်ရေးအင်အားစုများ စိုးမိုးနယ်မြေအတွင်း စစ်ကောင်စီ၏ သတင်းပေးမှု၊ ခိုးမှု၊ မူးယစ် ဆေးဝါးအမှု၊ မူးယစ်ရမ်းကားမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု စသည့် အမှုများကို ရပ်မိရပ်ဖများ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည် ဟု KSP တာဝန်ရှိသူက ဆိုသည်။

KSP ဖွဲ့စည်းပြီး တစ်နှစ်အတွင်း အမှုပေါင်း (၂၃၅)မှု၊ ယခုနှစ်တွင် (၁၂၇)မှု ရှိခဲ့ပြီး စုစုပေါင်း (၃၆၂)မှုကို အရေးယူ ဆောင်ရွက်နိုင်ခဲ့သည်။

“ဒီ ၂ နှစ်အတွင်းမှာဖြစ်တဲ့ ကျနော်တို့ အရေးယူခဲ့တဲ့ ၃၆၂မှုထဲမှာ အဲ့ဒီထဲမှာ အများဆုံးက မူးယစ်ဆေးဝါး အမှု ပေါ့။ တိတိကျကျပြောရရင် WY ဆေးပြားတွေ မိတာများတာပေါ့” ဟု ကိုဘိုဘိုက ပြောသည်။

လက်ရှိမှာလည်း မူးယစ်ဆေးဝါး အန္တာရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောမှု လုပ်ဆောင် ခြင်းများ ရှိနေပြီး ခရီးသွားပြည်သူများကြားတွင် မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း မရှိစေရေးအတွက်လည်း ပူးပေါင်းအဖွဲ့များမှ စစ်ဆေးခြင်း၊ ကင်းလှည့်ခြင်းများကို ဆောင်ရွက်နေကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ရဲများနှင့် ကရင်နီပြည်ရဲဌာန (KSP) ကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ၂နှစ်တာ ကာလအတွင်း ရဲစခန်း ၈ ခု နှင့် လုံခြုံရေးရဲကင်း ၄ ခုတွင် လူထုအခြေပြု ရဲလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး နှင့် အခြားသော ဝန်ဆောင်မှုများကို လုပ်ဆောင်လျက်ရှိ နေသည်။

Most read this week

December 20, 2024
ကရင်နီပြည်ရှိ အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှုမှာ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကို...
December 17, 2024
ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မှာ ညဖက် အသွားအလာလုပ်ပါက စစ်ကောင်စီက ဖမ်းဆီးမှုတွေ...
December 16, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက...