တိုက်ပွဲကြောင့် ခြံလုပ်ငန်း ဆက်မလုပ်နိုင်မှာကို ခလယ်-တံခွန်တိုင်ဒေသခံများ စိုးရိမ်နေကြ

တိုက်ပွဲကြောင့် ခြံလုပ်ငန်း ဆက်မလုပ်နိုင်မှာကို ခလယ်-တံခွန်တိုင်ဒေသခံများ စိုးရိမ်နေကြ

ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန် တိုင် ဒေသတွင် လာမည့် ရော်ဘာရာသီတွင် ရော်ဘာလုပ်ငန်းများ ဆက်လက်မလုပ်ကိုင်နိုင်မှာကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

ခလယ်-တခွန်တိုင်ဒေသတွင် စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် စစ်ကောင်စီတပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခတ်မှု ဖြစ်ပွားနေ ခြင်းကြောင့် ထောင်နှင့်ချီသည့် ဒေသခံများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် အခြေအနေ ငြိမ်သက်နေသော်လည်း တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သည့်အပြင် ညမထွက်ရ အမိန့်ပါ ရှိနေသည့်အတွက် လာမည့် ရော်ဘာရာသီတွင် ရော်ဘာလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မသေချာ မရေရာ ဖြစ်နေသည့် အနေအထားရှိနေသည်ဟု ဒေသခံများက ပြောသည်။

“အခုက မနက် ၆ ည ၆ အထိပဲ သွားလာခွင့်ရှိတယ်။ ပြီးတော့ ဒီ ၉ လပိုင်းဆိုရင် ရော်ဘာခြစ်ဖို့အချိန်ရောက်ပြီး အဲအချိန်ဆို ဘယ်လိုလာမလဲတော့မသိဘူး။ သူတို့(စစ်တပ်) ညပိုင်း သွားလာခွင့် မပြုရင် ရော်ဘာ ဘယ်လိုခြစ်ရ မလဲ။ နေ့ပိုင်းက အဆင်မပြေနေဘူးလေ” ဟု ခလယ်-တံခွန်တိုင် နောင်ဒေ့ကျေးရွာခံတစ်ဦးက ပြောသည်။

သို့သော် လုပ်ငန်းရှင်များက ရော်ဘာလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန် ရော်ဘာခြံရှင်းခြင်း၊ ရော်ဘာ လုပ် ငန်းသုံးပစ္စည်းများ စုဆောင်းခြင်း၊ အလုပ်သမား ငှားရမ်းခြင်းများကို ကြိုတင်ပြင်ဆင် လုပ်ဆောင်နေကြသည် ဟု ဒေသခံများက ပြောသည်။

“အခုက အခြေအနေ ခဏ ငြိမ်နေတာဆိုတော့ မြက်ရှင်းတာတို့ ရော်ဘာလုပ်ငန်းသုံး ပစ္စည်းတွေကို ရသလောက် စုနေကြပြီ။ ပြီးတော့ ရော်ဘာခြံအများကြီး ပိုင်ထားတဲ့လူတွေဆိုရင် လူကြိုငှားတာတွေတော့ ရှိတာပေါ့” ဟု အခြား ဒေသခံတစ်ဦးက ပြောသည်။

ခလယ်-တံခွန်တိုင် ဒေသတွင် ရော်ဘာခြံလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်ကြကြောင်း၊ တိုက်ပွဲကြောင့် ရော်ဘာခြံ လုပ်ငန်းများလည်း ကောင်းကောင်းမွန်မွန် လုပ်ကိုင်နိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် ဒေသတွင် ဇူလိုင်လကစပြီး စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့ အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်လာခဲ့သည်။

ခလယ်-တံခွန်တိုင်ဒေသအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင်လ ၁၄ ရက်နေ့က တိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင် ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ကျေးရွာအသီးသီးမှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

Most read this week

ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...
December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...