ကရင်လက်နက်ကိုင် အချင်းချင်းကြား ပွတ်တိုက်မှုများ အမြန်ဖြေရှင်းရန် ထီးမိုပွာဒေသခံများ တောင်းဆို

ကရင်လက်နက်ကိုင် အချင်းချင်းကြား ပွတ်တိုက်မှုများ အမြန်ဖြေရှင်းရန် ထီးမိုပွာဒေသခံများ တောင်းဆို

ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင်တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား ဖြစ်ပေါ်နေသည့် ပွတ်တိုက်မှုပြဿနာများကို အမြန်ဖြေရှင်းကူညီပေးရန် ထီးမိုပွာ အထူး ဒေသရှိ ကရင်အရပ်ဖက်နှင့် ကျေးရွာနေလူထုများက ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

ကရင်လူမျိုးအချင်းချင်းကြား ဖြစ်ပေါ်သည့် ပွတ်တိုက်မှုပြဿနာများကို အမြန်ဆုံးဖြေရှင်းဖို့လိုအပ်သည့်အပြင် အချင်းချင်းကြား အပျက်သဘောဆောင်ကာ ပြစ်တင်ဝေဖန်ပြောဆိုမှုများကို အပြုသဘောဆောင်သည့် တုန့်ပြန်မှုများနှင့် မိမိတို့၏ လူမျိုးဂုဏ်သိက္ခာအတွက် အကောင်းဆုံး ပါဝင်လုပ် ဆောင်ပေးကြရန်ကိုလည်း ထီးမိုပွာ ဒေသခံများက တိုက်တွန်းတောင်းဆိုထားသည်။

ထီးမိုပွာဒေသခံ စောရှိုင်းရှိုင်းက “အခုလက်နက်ကိုင်အချင်းချင်းကြားမှာ ပွတ်တိုက်မှုပြသနာတွေဖြစ်တယ်။ နောက်ပြီး ပစ်ခတ်သေဆုံးတဲ့အထိ ရှိလာတယ်။ ကျနော်တို့ကတော့ KTLAတို့ ကျနော်တို့ကရင်အမျိုးသား အစည်းအရုံး KNUတို့ကို ပြစ်တင်ပြောဆိုတာမဟုတ်ဘူး။ ကျနော်တို့လိုချင်တာက ဒီပြဿနာကို ဝိုင်းဝန်း ဖြေရှင်းဖို့ပါဘဲ။ နှစ်ဖက်တွေ့ဆုံပြီး အဖြေရှာ ဖြေရှင်းဖို့က ကျနော်တို့ လိုလားတာဖြစ်တယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အချို့ကူညီထောက်ပံ့မှုများသည် ဒေသခံလူထုအတွက် စိတ်မသက်သာစရာများဖြစ်ကာ ဘေးထွက်ဆိုးကျိုး ကြုံ တွေ့ခံစားနေရသောကြောင့် ကရင်အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့အတွက် တောင်းဆိုရခြင်း ဖြစ်ကြောင်းလည်း တောင်းဆိုချက်တွင်ဆက်လက်ပြောဆိုထားသည်။

အဆိုပါ တောင်းဆိုချက်များကို ဩဂုတ်လ (၁၂) ရက်နေ့က ကျရောက်သည့် (၇၃)နှစ် မြောက် ကရင်အမျိုးသား အာဇာနည်နေ့က ထီးမိုပွာဒေသခံများက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဒေသခံများတောင်းဆို ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) အတွင်းရေးမှူး ပဒိုစောအယ်နာက ”ထီးမိုပွာဒေသက လူထုတွေ တောင်းဆိုချက်အတိုင်း ကျနော်တို့လည်း အဲဒီ လိုဘဲ မျှော်လင့်ပါတယ်။ ကရင်လက်နက်ကိုင်အချင်းချင်းပြဿနာက ကျနော်တို့ နည်းလမ်းရှာနေပြီ။ ကော်လာ ဖိုး(အယ်ခွီး)တို့ အဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ အခါခါပြောတယ်။ ဒါပေမယ့် သူတို့ဘက်က လက်မခံဘူး။ ပြီးတော့ အွန် လိုင်းပေါ်တက်ပြီး ကရင်အချင်းချင်း သွေးခွဲအောင် ပြစ်တင်ပြောဆို သတင်းလွင့်တဲ့ သူတွေကိုလည်း ဒါတွေ မလုပ်ဖို့ မေတ္တာရပ်ခံခဲ့ပေမယ့်လည်း လက်မခံကြဘူး။ လူထုလိုလားချက်အတိုင်း ကျနော်တို့က ဖြေရှင်း နည်း လမ်းရှာဖို့ ရည်မှန်းချက်ရှိပါတယ် ” ဟု ကေအိုင်စီသို့ပြောသည်။

ထီးမိုပွာဒေသလူထုများ တောင်းဆိုချက်များထဲတွင် ကရင်အမျိုးသားအချင်းချင်းကြားဖြစ်ပေါ်သည့် ပွတ်တိုက် မှုများကို ဖြေရှင်ရန်၊ မီဒီယာပေါ်တွင် အပျက်သဘောဆောင်သည့် အဆိုးမြင်ဝေဖန်မှုများကို ဝေဖန်စမ်းစစ်ပြီး လူမျိုးဂုဏ်သိက္ခာအတွက် အကောင်းဆုံးပါဝင် လုပ်ဆောင်ပေးရန်တို့ကို တောင်းဆိုထားသည်။

ထို့အပြင် မိမိတို့၏ ကူညီထောက်ပံ့လိုက်သည့် အကူအညီများသည် လူသားချင်းအပေါ် မည်မျှ ကောင်းကျိုး သက်ရောက်မှုရှိသည်ကို ပြန်လည်ဝေဖန် စမ်းစစ်ရန်နှင့် အမျိုးသားချင်းချင်းအကြား ဖြစ်ပေါ်နေသည့် စိတ်ပျက် အရှက်ရစရာ ကိစ္စများကို ပပျောက်သွားစေရေးအတွက် ကူညီပေးရန်စသည့် အချက်များလည်းပါဝင်သည်။

ကေအဲန်ယူ တပ်မဟာ (၄) လက်အောက်ခံတပ်နှင့် ခွဲထွက်အဖွဲ့ဖြစ်သည့် KTLA ကော်သူးလေအာမီ ဗိုလ်အယ်ခွီး (ကော်လာဖိုး) ဦးဆောင်သည့် အဖွဲ့တို့ အကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ကတည်းက စတင်၍ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏရှိကာ တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း နှစ်ဖက်ပြောဆိုမှုရှိသော်လည်း ယနေ့အချိန်ထိ တွေ့ဆုံဆွေးနိုင်ခြင်း မရှိကြသေး ပေ။

Photo: CJ

Most read this week

October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...
October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...