မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာ

မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်လာ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ်အတွင်းမှာ နွေရာသီကာလထက် လက်ရှိမိုးတွင်းကာလအတွင်း လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက် မှုနှင့် ကြုံနေရသည်ဟု SME လုပ်ငန်းရှင်များနှင့် ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် နွေရာသီ ကာလတုန်းက စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ ရပ်ကွက်၊ ကျေးရွာများကို အုပ်စုခွဲကာ တစ်ကြိမ်လျှင် ၂ နာရီ တစ်ရက်ကို လျှပ်စစ်မီး ၈ နာရီခန့်သာ ဖြန့်ဝေပေးခဲ့ ခြင်း ဖြစ်သည်။

သို့သော် ကာလတွင် လျှပ်စစ်မီးဆိုးဆိုးရွားရွား ထပ်မံပြတ်တောက်လာပြီး တစ်ရက်လျှင် အချိန် ၄ နာရီ ခန့်သာ လျှပ်စစ်မီးရရှိတော့သည့်အတွက် လူမှုဘဝအခက်အခဲကို ထပ်မံကြုံတွေ့လာရခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “အခုဆိုလို့ရှိရင် တစ်ရက်ကို (၄)နာရီ (၅)နာရီလောက်ပဲ မီးလာတဲ့အခြေအနေမှာ ဖြစ်အောင် ရုန်းကန်နေရတယ်။ အရင်တုန်းကဆိုလို့ရှိရင် လျှပ်စစ်မီးနဲ့ ချက်လို့ရတယ်၊ လွယ်ကူတယ်။ အခုကျတော့ မီး သွေးဝယ်ရတဲ့ အပိုကုန်ကျစရိတ်တွေ ထွက်လာတယ်။ ပြီးရင်ဂက်စ်နဲ့ ချက်ရတယ်ပေါ့။ အရင်တုန်းက လွယ် လွယ်ကူကူ ဖြစ်နေရာကနေ ပိုခက်ခဲတဲ့ အနေအထားမျိုးတွေကိုလည်း ကြုံရတယ်ပေါ့။ မီးလာမှ ရေတင်လို့ ရတယ်။ မီးကလည်းမလာတော့ ရေပြတ်သွားတဲ့အခြေအနေက ကြုံနေရတယ်။ ရေကိုပါ ချွေတာသုံးစွဲရတယ်။ အရင်ကဆိုရင် ဆန်ဆေးပြီးရင် ဆန်ဆေးရေကို သွန်ပစ်လိုက်လို့ရတယ်ဆိုပေမယ့် အခုဆန်ဆေးရေကို ပန်းကန် ဆေးရမလားဆိုတဲ့ဟာမျိုးအထိ စဉ်စားပြီးတော့ သုံးနေရတဲ့ အနေ အထားမျိုးတွေ ဖြစ်နေတယ်” ဟု ပြောသည်။

လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်လာသည့်အတွက် နေ့စဉ်လူမှုဘဝမှာ ချက်ပြုတ်စားသောက်ဖို့ပင် အခက်အခဲ ရှိလာသလို လျှပ်စစ်မီးကို အသုံးပြုပြီး လည်ပတ်နေရသည့် လုပ်ငန်းများပါ ထိခိုက်မှုရှိလာနေသည်။

SME လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်တို့ ဒီစက်မှုဇုန်မှာ မီးဟာ (၂၄) နာရီလုံးမှာ (၂) နာရီ လောက်ပဲလာတယ်။ တချို့ရက်တွေမှာဆိုရင် လုံးလုံးကိုမလာတာ။ အရင်ကနွေရာသီတောင်မှ ကျွန်တော်တို့ မနက်ဆိုရင် (၉)ခွဲ (၁၀) လောက်ကလာရင် ညနေ (၅)လောက်ထိကို တစ်နေကုန် လာပေးသေးတယ်ပေါ့နော်။ အခုရှေ့လတုန်းက (၁၀) နာရီကနေ (၂)နာ ရီ ပုံမှန်တော့ပေးတယ်။ ဒါပေမယ့် ဒီ(၈)လပိုင်းအဝင်မှာတော့ ပိုဆိုးလာတယ်။ ပေးချင် သလောက်ကို ပေးတယ်။ တစ်ခါတလေ တစ်နေကုန်မပေးဘူး။ မီးလာမှမောင်းလို့ရမယ့် စက်ကြီးတွေရှိတာ ပေါ့နော်။ ဒါမျိုးဟာ တွေကျတော့ မီးစက်နဲ့ကျတော့ အဆင်မပြေဘူး” ဟု ပြောသည်။

စက်မှုဇုန်များတွင် တစ်ရက်လျှင် လျှပ်စစ်မီး အချိန် ၂ နာရီလောက်သာရတော့သည့် အတွက် လုပ်ငန်းများ လည်ပတ်ရန် ပိုမိုခက်ခဲလာသည်ဟု SME လုပ်ငန်းရှင်က သံလွင်တိုင်းမ်ကို ဆက်ပြောသည်။

“လုပ်ငန်းတအား နှောင့်နှေးတယ်။ ဒီဇယ်ကလည်း အခုဆို (၂၅၀၀) ကျော် အထိ ဖြစ်လာပြီဆိုတော့ တအားကြီး အဆင်မပြေဘူးပေါ့နော်။ စက်မှုလုပ်ငန်းတွေ တိုးတက်အောင် လုပ်ပေးမယ်သာ ပြောနေတာ။ တကယ့်တ ကယ် မီးကိုမှန်အောင်မပေးနိုင်ဘဲနဲ့တော့ စက်မှုလုပ်ငန်းတိုးတက်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်” ဟု ပြောသည်။

လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးရွားစွာ ခံစားနေရသည့် ပြည်သူများသည် စစ်ကောင်စီ၏ စီမံခန့်ခွဲမှု အလွှဲ အမှားများကြောင့် ဆန်အပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကိုပါ ခါးစည်း ခံနေကြရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေခြင်းသည် လွန်ခဲ့သည့် ၁၀ စုနှစ်ခန့်က အကောင်အထည်ဖော်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းကြီးများ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု အကြောင်းပြထားသည်။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်၊ လေအားနှင့် စပါးခွံသုံး ဓာတ်ငွေ့လောင်စာ အသုံးပြု၍ ထုတ်လုပ်ဖို့ အကောင်အထည် ဖော်နေသည်ဟု သြဂုတ် ၈ ရက်နေ့က စစ်ကောင်စီခန့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

ကမ္ဘာ့ဘဏ်ကမူ စစ်ကောင်စီလက်ထက် နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ ဆိုးရွားသည့် လျှပ်စစ်မီး ပြတ် တောက်မှုများနှင့် မူဝါဒအပြောင်းအလဲများကြောင့်လည်း မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားသည့် သက်ရောက်မှု များ ဆက်ရှိနေပြီး လူတစ်ဦးချင်းစီ၏ ဂျီဒီပီဟာ ကိုဗစ်ကာလမတိုင်မီ ကာလအောက် ၁၃ ရာခိုင်နှုန်း ရောက်ရှိနေ သည်ဟု ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်ထားသည်။

October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...