ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်တွင် ပြီးခဲ့သည့်ရက်ပိုင်းက စက်လှေနစ်မြုပ်၍ ပျောက်ဆုံးနေသည့် မွတ်ဆလင် ၄၅ ဦးအနက် နောက်ထပ် အလောင်း ၁၃ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်ဟု ရှာဖွေနေသူများ က ပြောသည်။
ယနေ့ သြဂုတ်လ ၉ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဘာဆာရာရွာအနောက်ဘက် ပင်လယ်ကမ်းခြေ၌ ၄ လောင်း၊ သဲချောင်းရွာဘက် ကမ်းခြေတွင် ၅ လောင်းနှင့် ယမန်နေ့ သြဂုတ်လ ၈ ရက်တွင် ၄ လောင်း၊ စုစုပေါင်း ၁၃ လောင်းကို ထပ်တွေ့ထားခြင်းဖြစ်သည်ဟု အလောင်းအား ရှာဖွေမှုပြုလုပ်ရာတွင် ပါဝင်သည့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမင်းထည်ဝါက ပြောသည်။
“အမျိုးသား၊ အမျိုးသမီး ဘယ်လောက်ပါတယ်ဆိုတာတော့ ကျနော်လည်း မကြည့်ဖြစ်လိုက်ဘူး။ လူငယ်ပိုင်း အသက် ၂ဝ ကျော်တွေလည်း ပါတယ်” ဟု ပြောသည်။
အဆိုပါ အလောင်းများကို စစ်တွေဆေးရုံသို့ပို့ဆောင်ထားသည်ဟုလည်း သိရသည်။
ဘာဆာရာကျေးရွာတာဝန်ခံ ဦးအီးလီးယက်က “ကျနော်တို့ဆီမှာတွေ့တဲ့ ၃ လောင်းစလုံးကတော့ မိန်းမတွေပါ။ ကျန်တဲ့ နေရာတွေမှာတော့ ကျနော်မပြောတတ်ဘူး။ အလောင်းရတယ်လို့ကြားတယ်။ မိန်းမတွေများတယ်။ ယောက်ကျား နည်းပါတယ်။ အမျိုးသမီးဘယ်နှစ်ယောက်၊ အမျိုးသား ဘယ်နှစ်ယောက်လဲ ကျနော်လည်း မပြော တတ်ဘူး” ဟု ပြောသည်။
မွတ်ဆလင် ၅၅ ဦးလိုက်ပါလာသည့် စက်လှေတစ်စီးသည် ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က ရသေ့တောင် မြို့ နယ်၊ အနောက်ပြင်ကျေးရွာမှ မလေးရှားနိုင်ငံသို့ ပင်လယ်ပြင် အတိုင်း ထွက်ခွာလာစဉ် ယင်းနေ့တွင်ပင် စစ်တွေ ပွိုင့် ကမ်းခြေအနီး ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့မှုကြောင့် စက်လှေနစ်မြုပ်ခဲ့ခြင်း ဖြစ် သည်။
ထိုသို့ စက်လှေနစ်မြုပ်ပြီးနောက် ယင်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်တွေမြို့နယ်၊ ဘာဆာရာ ကျေးရွာအနီး ပင်လယ်ကမ်းခြေ၌ ရေနစ်မြုပ်သေဆုံးနေသည့် မွတ်ဆလင် အမျိုးသမီး ၂ ဦး၏ အလောင်းနှင့်အတူ အသက်ရှင် လျက် လွတ်မြောက်ခဲ့သည့် အမျိုးသား ၈ ဦးကို တွေ့ရှိခဲ့သည်။
ထို့နောက် ပျောက်ဆုံးနေသူများအား ရှာဖွေခဲ့ရာ ယမန်နေ့နှင့် ယနေ့တွင် နောက်ထပ် အလောင်း ၁၃ လောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်ထပ် ၃၂ ဦးမှာ ပျောက်ဆုံးနေသေးကြောင်း ကူညီပေးနေသူများက ဆိုသည်။
ပျောက်ဆုံးနေသူများကိုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဆက်လက်ရှာဖွေ နေကြဆဲ ဖြစ်သည်။
အသက်ရှင်လျက် လွတ်မြောက်လာသည့် မွတ်ဆလင် ၈ ဦးကိုမူ လက်ရှိတွင် စစ်တွေမြို့မရဲစခန်း၌ ထိန်းသိမ်း ထားသည်ဟု နီးစပ်သူများက ပြောသည်။