ပျောက်ဆုံးသွားသည့် ခရစ်ယာန်အသင်းအုပ်ဆရာ သုံးပတ်ကြာအထိ ပြန်မတွေ့သေး

ပျောက်ဆုံးသွားသည့် ခရစ်ယာန်အသင်းအုပ်ဆရာ သုံးပတ်ကြာအထိ ပြန်မတွေ့သေး

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)ရှိ ထီးခီး-မေတ္တာလမ်းမပေါ်တွင် ပျောက်ဆုံးသွားသည့် အမြာကျေးရွာ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် သင်းအုပ်ဆရာ တစ်ဦး သုံးပတ်ကြာလာသည်အထိ ပြန်လည်ရှာတွေ့ခြင်းမရှိသေးကြောင်း ထားဝယ်မြိတ်သာသနာနယ် ကရင် နှစ်ခြင်း ခရစ်ယာန် အသင်းတော်များအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ အမြာ သင်းအုပ်ဆရာ အသက် (၃၂) နှစ်အရွယ် စောဟဲခူသည် အမြာကျေးရွာမှ တဆင့် မိသားစုရှိရာ မေတ္တာမြို့သို့ ပြန်လာစဉ် ဇူလိုင်လ ၁၂ ရက်နေ့က လမ်းတွင်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြန် မတွေ့သေးကြောင်း ထားဝယ်မြိတ်သာသနာနယ် ကရင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်များအဖွဲ့က ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုကဲ့သို့ ပျောက်နေခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းအမျိုးမျိုးထွက်ရှိသော်လည်း မှန်ကန်မှုမရှိသေးသည့်အတွက် ဝိုင်းဝန်းဆုတောင်းပေးကြရန် ထုတ်ပြန်ထားသည်။

စုံစမ်းသိရှိချက်အရ အသင်းအုပ်ဆရာ စောဟဲခူသည် အမြာရွာသို့ထွက်ခွာပြီး ဝါးတောနှင့် ဆင်ဖြူတိုင်ကျေးရွာ အရောက်တွင် အသင်းသားများနှင့်လည်း တွေ့ဆုံခဲ့ပြီးနောက် မေတ္တာသို့ ပြန်လည်ထွက်ခွာကာ ကနီနှင့် မေတ္တာ ကြားတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ထားဝယ်မြိတ် သာသနာနယ် ကရင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် များအဖွဲ့၏ ထုတ်ပြန်စာထဲတွင် ဖော်ပြထားသည်။

ထိုအသင်းအုပ်ဆရာပျောက်ဆုံးသွားသည့်ကိစ္စကို ၎င်း၏ ဇနီးဖြစ်သူ နော်မူးဘာမှ စုံစမ်းရှာဖွေပေးရန် KNU ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)ထံသို့ ဇူလိုင်လ ၂၈ ရက်နေ့တွင် စာပို့ထားသည့်အတွက် ကေအဲန်ယူဘက်မှ စုံစမ်းရှာဖွေမှုများ လုပ်ဆောင်ခဲ့သော်လည်း ပြန်လည်တွေ့ ရှိခြင်းမရှိသေးဘဲ ဆက်လက် စုံစမ်းသွားမည် ဖြစ် ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်က ဩဂုတ်လ (၁)ရက်နေ့တွင် အကြောင်းပြန်စာ ပြန်လည်ပေးပို့ခဲ့ သည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးပဒိုစောအယ်နာက “သူပြန်တဲ့နေ့က အဲဒီမှာ ဗိုလ်အယ်ခွီး (ကော် လာဖိုး)အဖွဲ့တွေ လမ်းပိတ်တဲ့ရက်ဖြစ်တယ်။ အဲ့ဒီရက်မှာ အဲ့ဒီလမ်းမှာ ကော်လာဖိုး လူတွေကို သစ်ပင်ခုတ်လှဲပြီး လမ်းပိတ်တာရှိတယ်။ အဲ့ဒီခုတ်လှဲတဲ့ သစ်ပင်ကို ကျနော်တို့ ရဲဘော်တွေက လမ်းသွားရှင်းရသေးတယ်။ ဆရာ ဟဲခူကို ကျနော်တို့ရဲဘော်တွေက တွေ့သေးတယ်။ အဲ့ဒီမှာ သူအပါအဝင် တခြားလူ ဆိုင်ကယ်တွေတောင် ရဲဘော် တွေက ဝိုင်းကူမပေးရသေးတယ်။ သူပြန်တဲ့လမ်း စယ်သူးနာနဲ့ မေတ္တာမြို့ကြားက ခလိဆာထာမှာ ကော်လာဖိုး အဖွဲ့တစ်ဖွဲ့တော့ရှိတယ်။ ကျနော်တို့လူတွေက အဲဒီဘက်မှာမရှိတော့ အဲဒီဘက်ပိုင်းတော့ မသိရဘူး” ဟု ပြော သည်။

ထိုနေ့တွင် ကေအဲန်ယူခရိုင် ကျန်းမာရေးဌာနဘက်မှ ကစယ်ဒိုမြို့နယ်ရုံးသို့ ဆေးများပို့ဆောင်ရန် သွားသည့် ကား ကိုလည်း ဗိုလ်အယ်ခွီး(ကော်လာဖိုး) အဖွဲ့ရှိရာ ခလိဆာထာနေရာတွင် ကားများတားကာ သွားခွင့်ပိတ်ပင်ပြီး  ကားဘီးများ ပစ်ဖောက်ခံရသည့်နေ့ ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ဘက်က ဆိုသည်။

အဆိုပါ အသင်းအုပ်ဆရာပျောက်ဆုံးမှုနှင့်ပတ်သက်၍ ကေအဲန်ယူဘက်မှ ဆက်လက် စုံစမ်းရှာဖွေ နေဆဲဖြစ်သ လို တစ်စုံတစ်ရာအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ပြောဆိုသော်လည်း KTLA ဘက်ကမူ အသင်းအုပ်ဆရာ၏ အလောင်းကို တနင်္သာရီမြစ်ကြောင်းတစ်နေရာတွင် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို KTLA  တာဝန်ရှိသူက “KNUရဲ့ ထုတ်ပြန်ချက်က ကျနော်တို့ကို စွပ်စွဲချင်သလိုဖြစ်တယ်။ အဲ့ဒီဖြစ်တဲ့ အချိန်မှာ အဲ့ဒီနေရာမှာ ကျနော်တို့လူတွေမရှိဘူး။ သူတို့က လမ်းမပေါ်မှာ ကျနော်တို့ကိုမရှိစေချင်တော့ ကျနော်တို့က မရှိ ဘူး။ အဲ့ဒီနေ့မှာ ရန်သူတွေလည်း တက်တော့ နည်းနည်းရှုပ်တယ်။ ရှေ့တန်းမှာရှိတဲ့ ဗိုလ်အယ်ခွီးကိုမေးတော့ သူ့ အလောင်းက ပြန်တွေ့ပြီးလို့ ပြောတယ်။ တနင်္သာရီမြစ်ကြောင်း တစ်နေရာမှာ အလောင်းပေါ်လာတာ ပြန်တွေ့ တယ်လို့ပြောတယ်” ဟု ပြောသည်။

အဆိုပါ အသင်းအုပ်ဆရာ အလောင်းပြန်လည်တွေ့ရှိခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင်ထံ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်အတည်ပြုရန် ကြိုးစားသော်လည်း ဆက်သွယ်ချိတ်ဆက်၍ မရရှိသေးပေ။

စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ကေအဲန်ယူ တပ်မဟာ(၃)၊ တပ်မဟာ(၆)နှင့် တပ်မဟာ(၄)တို့တွင် ဒေသခံ လူထု ပျောက်ဆုံးခြင်း၊ သေဆုံးခြင်းတို့ မကြာခဏ ဖြစ်ပွားလေ့ရှိသည်ဟု သိရပြီး အချို့မှာ ပျောက်ဆုံးမှု ကြာ မြင့်နေပြီဖြစ်သော်လည်း သတင်းအစအနများပင် တစ်စုံတစ်ရာ ပြန်လည်မရရှိသည့် ဖြစ်စဉ်များလည်း ရှိလာ နေကြောင်း ကရင်လူအခွင့်အရေးအဖွဲ့-KHRG ၏ မှတ်တမ်းများအရ သိရသည်။

Most read this week

October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...