ဝိုင်းမော်-လိုင်ဇာလမ်း၊ ဆမားလမ်းခွဲဘက်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား

ဝိုင်းမော်-လိုင်ဇာလမ်း၊ ဆမားလမ်းခွဲဘက်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာအုပ်စု ဆမားလမ်းခွဲ ဂျာပူကျေးရွာဘက်မှာ ကချင်လွတ် လပ်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တောဘက်ကနေ ထွက်လာကြတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကဇူးယန်ကျေးရွာမှာရှိတဲ့ တပ်စခန်းကို ရောက်ရှိလာကြပြီး ဇူလိုင်လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ နမ်ဆန်ယန်- ဗန်းမော်လမ်းအတိုင်း ထွက်သွားကြတဲ့ အချိန် ဒဘတ်ယန်ကျေးရွာအထွက် ဆမားလမ်းခွဲမှာ တိုက်ပွဲဖြစ်ကြတာလို့ ကဇူးယန်ကျေးရွာဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

“မနေ့ညက ကဇူးယန်ကျေးရွာမှာ ဝင်ရောက်လာပြီး ဒီမနက်ကြတော့ ဆမားလမ်းဘက်လား၊ ဂျာပူလမ်းဘက် လား ဒီမနက်အရမ်းမြည်တယ်(ပစ်ခတ်သံ)” လို့ အထက်ပါဒေသခံ အမျိုးသမီးက ဆိုပါတယ်။

အဲဒီနေရာတစ်ဝိုက်မှာ ဒီမနက်ပိုင်း ၇ နာရီဝန်းကျင်လောက်မှာ တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်း ၂ နာရီကျော်လောက်မှာ တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာက ဒေသခံတွေက ဒီနှစ်မတ်လမှာပဲ စစ်ရှောင်စခန်းကနေ အပြီး ထွက်ခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အတွက် ရွာအတွင်းတစ်ခေါက်ပြန်ပြီး စစ်ဖြစ်ပွားလာရင် တိမ်းရှောင်ရမယ့်နေရာ မရှိတော့ဘူးလို့ ကဇူးယန်ကျေးရွာက ဒေသခံအမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။

“ကျွန်မတို့က ဘယ်လိုလုပ်ရမလဲ၊ အရမ်းခက်ခဲနေကြပြီ။ ပြန်ရမလား၊ တိမ်းရှောင်ရမလား၊ ကျွန်မတို့လည်း ပစ္စည်းတချို့ ရွှေ့ထားမယ်ဆိုပြန်ရင်လည်း ဘယ်မှာမှ သွားမထားတတ်လို့ စိတ်ညစ်နေတယ်။ ခက်ခဲနေပြီ” လို့ ပြောပါတယ်။

ရွာအတွင်း လက်နက်တွေ ပစ်ခတ်လာရင် ရွာသားတွေအားလုံး ရွာအတွင်းမှာရှိတဲ့ ဘုရားကျောင်းထဲကို ထွက် ပြေးလာကြဖို့နဲ့ တကယ်လို့ တစ်ခြားတစ်နေရာကို ရွှေ့ပြောင်းဖို့ရှိလာခဲ့ရင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လူကြီးတွေ၊ ဘာသာရေးဆရာတွေရဲ့ ဦးဆောင်မှုနဲ့ အတူတကွ ရွှေ့ပြောင်းကြဖို့ စီစဉ်ထားတယ်လို့လည်း ဆိုပါ တယ်။

တိုက်ပွဲကြောင့် ဘုရားကျောင်းကနေ ရွှေ့ပြောင်းရမယ့် အခြေအနေနဲ့ကြုံလာခဲ့ရလည်း နေရပ်ပြန်ဒေသခံတွေ အနေနဲ့ မြို့ဘက်ကို မတိမ်းရှောင်တော့ဘဲ အောင်မြေ ၁၊ ၂ နဲ့ ရွှေညောင်ပင် စတဲ့ ကျေးရွာတွေမှာ သူတို့အတွက် အဆင်ပြေစေမယ့် နေရာတစ်ခုအကူညီတောင်းဆိုကာ ခဏတာ တိမ်းရှောင်နေထိုင်ဖို့ စီစဉ်ထားတယ်လို့ ဒဘတ်ယန်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ဂျာပူကျေးရွာ ဒေသခံတွေဟာ နေရပ်ပြန်ခွင့် မရရှိထားကြပေမဲ့ တချို့ဒေသခံတွေ က မိသားစုစားဝတ်နေရေး အတွက် အခင်းတွေ သွားရောက်လုပ်ကိုင်ပြီး နေထိုင်နေကြတာဖြစ်ပြီး အဲဒီလမ်း တစ်လျှောက်ကို ဇူလိုင်လ ပထမအပတ်လောက်ကတည်းက စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

အဲဒီလမ်းတစ်လျှောက်က ကျေးရွာဒေသခံတွေဟာ KIA နဲ့ စစ်ကောင်စီတို့ရဲ့ ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်တိုက်ပွဲ တွေကြောင့် စစ်းဘေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပြီး နောက်တစ်ကြိမ်တိမ်းရှောင်ရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

Most read this week

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...