ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာမှာရှိနေတဲ့ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကလည်း ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်နဲ့ ကွတ်ခိုင်ကြား နမ့်အွမ်ကျေးရွာအထက် ဂေါင်ငူကောင် (တောင်ကုန်း) မှာ တပ်ချနေတဲ့ တအာင်းတပ် မတော် TNLA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ၁၀ နာရီခွဲမှ ၁၂ နာရီခန့်အထိ လေယာဉ်တစ်စီးနဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ နမ်အွမ်ဒေသခံ အမျိုး သားတစ်ဦးက ပြောပါတယ်။
“အခုနမ့်အွမ်ဘက်မှာက TNLA တပ်ဖွဲ့တွေ ၃ နေရာလောက်မှာ တပ်ချနေရာယူနေတာ။ အဲ့ဒါနဲ့ စစ်ရေးတင်းမာနေ ပြီး စစ်တပ်ဘက်က ဒီမနက်တော့ လေယာဉ်နဲ့ လာပစ်တာပေါ့။ နမ့်အွမ်ကျေးရွာအထက်မှာပဲ လေယာဉ်နဲ့ လာပစ် တယ်။ ၁၂ နာရီလောက်မှ ကွတ်ခိုင်ဘက် ပြန်ဆင်းသွားတယ်။ အခုထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း။ ကောင်းဝင်းဘက်က ရွာသားတချို့ကို နမ့်အွမ်ဘက်ထွက်ပြေးလာတာရှိတယ်” လို့ ပြောပါတယ်။
စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ၁၀၅ မိုင်စစ်တပ်မှ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေ ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
နမ့်အွမ်ကျေးရွာမှာ မနေ့ည ၁၀ နာရီခန့်ကနေ ဇူလိုင်လ ၂၅ ရက်နေ့ (ဒီနေ့) မနက် ၅ နာရီအချိန်ထိ စစ်ကောင်စီနဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် စစ်တပ်ဘက်က လက်နက်ကြီး နဲ့ ပစ်ခတ်မှုတွေကြောင့် နမ့်အွမ်ကျေးရွာက စျေးတန်းပျက်စီးကာ၊ နမ့်အွမ်အနီး ကောင်းဝင်းဘက်က နေအိမ် တချို့ မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။
ဒါကြောင့် နမ့်အွမ်ကျေးရွာအနီးက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ကောင်းဝင်းကျေးရွာဒေသခံပြည်သူ ၂၀ ကျော်က နမ့်အွမ် KBC ဘုရားကျောင်းဝင်းမှာ စစ်ရှောင်နေပြီး မူဆယ်မြို့ဘက်ကို တချို့၊ ကွတ်ခိုင်မြို့ဘက်ကို တချို့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂ ပတ်လောက်က စပြီး နမ့်အွမ်ရွာမှာ တအာင်း TNLA တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော် တပ်စွဲနေထိုင်တဲ့အပြင် နမ့်အွမ်အနီး ကောင်းဝင်းရွာမှာလည်း အင်အား ၁၀၀ ကျော် နေရာယူထားတာကြောင့် စစ်ရေးတင်းမာလာတာလို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်ကတည်းက စစ်ရေးတင်းမာနေပြီဟုတ်တယ်။ TNLA ဘက်က အင်အား ၁၀၀ ကျော် နမ့်အွမ် ကျေး ရွာမှာရှိနေတာ ၃ ပတ်ခန့်ရှိပြီ ၊အဲ့ဒါအပြင် ကောင်းဝင်းရွာမှာလည်း ၂ ပတ်ခန့်ရှိပြီ။ အဲ့ဒါနဲ့ မနေ့ည ကတည်းက တိုက်ပွဲဖြစ်နေတာ ဒီမနက်တော့ စစ်တပ်ဘက်က လေယာဉ် နဲ့လာပစ်တာပေါ့” လို့ ပြောပါတယ်။
မူဆယ်မြို့ကနေ ၁၈ မိုင်ခန့်အကွာ ကားနဲ့ ၁ နာရီဝန်းကျင်လောက် သွားရတဲ့ နမ့်အွမ်ကျေးရွာဟာ အိမ်ခြေ ၁ ထောင်ကျော်ရှိပြီး ကချင်၊ တအာင်း၊ ရှမ်း အပြင် တရုတ်လူမျိုးတွေပါ နေထိုင်တဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ကွတ်ခိုင် - မူဆယ် - နမ့်ခမ်း လမ်းတလျှောက် နေရာယူကာ စစ်ရေးလှုပ်ရှားနေပြီး ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ တအာင်းတပ် TNLA တို့နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။