ဒေါ့ဖုန်းယန်မြို့အနီး နှစ်ဖက်တပ် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အတွက် ဒေသခံများ တောင်ယာနှင့် လယ်လုပ်ရန် အခက်ကြုံ

ဒေါ့ဖုန်းယန်မြို့အနီး နှစ်ဖက်တပ် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အတွက် ဒေသခံများ တောင်ယာနှင့် လယ်လုပ်ရန် အခက်ကြုံ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ အနီးတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နဲ့ စစ် ကောင်စီတပ်တို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတွေ တောင်ယာအခင်းနဲ့ လယ် လုပ် ကိုင်ဖို့ အခက်ကြုံနေရပါတယ်။

မြို့ပတ်ဝန်းကျင် တစ်လျှောက် နှစ်ဖက်တပ် နေရာယူ စောင့်ကြပ်မှုတွေ ရှိနေတဲ့ အနေအထားကြောင့် သာမက စစ်ကောင်စီဘက်က စစ်ကြောင်းထိုးမှုတွေ ရှိနေတဲ့ အတွက်ကြောင့်ပါ ဒေသခံပြည်သူတွေဟာ မြို့နဲ့ တစ်မိုင် လောက်ဝေးတဲ့နေရာမှာ လယ်လုပ်သွားဖို့ ခက်ခဲနေကြတာပါ။

“တောင်ယာလည်း မသွားရဲကြတော့ဘူး။ လမ်းတွေရော ပိတ်သွားပြီ။ ဒေါ့ဖုန်းကနေ နမ်ဆန်ယန် တစ်လျှောက် လမ်းတွေ ပိတ်သွားပြီ” လို့ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက ပြောပါတယ်။

နမ်ဆန်ယန်ကျေးရွာဘက်ကို ဇူလိုင်လ ၃ ရက်နေ့က စတင်ကာ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်ကနေ စစ်ကောင်စီ တပ် သား‌တွေ စစ်ကြောင်း ဆက်တိုက်ထိုးနေပြီး ဗန်းမော်ဘက်‌ကနေပါ အကူစစ်ကြောင်းတွေ တက်လာနေတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေ့ါဖုန်းယန်ဒေသခံရဲ့ ပြောပြချက်အရ နမ်ဆန်ယန်ကျေးရွာဘက်ကို ဗန်းမော်ကနေ စစ်ကြောင်းထိုးလာတဲ့ အဖွဲ့ သုံးဖွဲ့ လောက်ရှိနေပြီဖြစ်ပြီး စစ်ကြောင်းတစ်ခုမှာ အင်အားအနည်းဆုံး ၈၀ လောက် ရှိတယ်လို့ ဆိုကြပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဒင်ဂါနဲ့ ခလားရွာကြားမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ကြောင်း မိုင်းဆွဲ တိုက် ခိုက်ခံရတဲ့အပြင် ဇူလိုင်လ ၁၈ ရက်နေ့၊ မနက် ၁၀ နာရီလောက်မှာလည်း ဒေါ့ဖုန်းယန်မြို့နဲ့  ၂ မိုင် လောက်ဝေးတဲ့ နေရာမှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

ဒေါ့ဖုန်းယန်မြို့ဟာ မြစ်ကြီးနား-ဝိုင်းမော်-ဗန်းမော်လမ်းပေါ်မှာ ရှိနေတာဖြစ်ပြီး အခုလိုစစ်ကြောင်းတွေ လှုပ်ရှား နေတာကြောင့် လမ်းတွေပိတ်ဆို့ထားသလို ဖြစ်နေတဲ့အပြင် ဒေသခံပြည်သူတွေ အနေနဲ့ သွားရေး၊ လာရေးက အစ သတိထားသွားလာနေရကြရပါတယ်။

ဒါ့အပြင် မကြာသေးခင်က စစ်ဘေးတိမ်းရှောင်လာကြတဲ့ နမ်ဆန်ယန်က ပြည်သူ ၅၀ ကျော် သွားရောက်ခိုလှုံနေ တဲ့ ဂါးရာယန်ကျေးရွာဘက်မှာ စစ်ကောင်စီစစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်လာတဲ့ အတွက် ထပ်မံ ပြောင်းရွှေ့ရမှာကို စိုးရိမ်နေကြပါတယ်။

နမ်ဆန်ယန်ကျေးရွာက တိမ်းရှောင်လာတဲ့ ပြည်သူတွေသာမက ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာတွေ က နေရပ်ပြန်စစ်ရှောင်တွေအားလုံး စိုးရိမ်ကြောက်ရွံ့နေကြ ပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသား တစ်ဦးက “စစ်ကြောင်းကိုတွေ့ရင် ကြောက်တဲ့သူများတယ်လေ။ စစ် ရှောင်စခန်းကနေ ထွက်လာကြပြီ ဖြစ်တဲ့အတွက် တခြားကိုပြောင်းဖို့ကလည်း နေရာမရှိဘူး” လို့ ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့မှာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနက် ၄ နာရီလောက်မှာ ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာတွေဘက်ကို  ရောက်ရှိနေပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာပါ။

စစ်ကောင်စီကနေ ဇူလိုင်လ ၃ ရက်နေ့ကတည်းက နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဖို့ ပြုလုပ်လာ တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ တိမ်းရှောင်နေရတာ လည်း ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီကနေ စစ်ကြောင်းတွေ ထိုးလာရတာဟာ မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှာက်ကို ပြန်လည် ထိန်းချုပ်ချင်တာကြောင့် ဖြစ်နိုင်တယ်လို့လည်း KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပြောဆိုထားပါတယ်။

Most read this week

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...